အဝင်အထွက်ပိတ် lockdown ချတာကို မလိုက်နာတာဟာ ရာဇဝတ်မှုမြောက်တဲ့ ပေါ့ဆမှုဟု သမ္မတ ပူတင် ပြော

အဝင်အထွက်ပိတ် lockdown ချတာကို မလိုက်နာတာဟာ ရာဇဝတ်မှုမြောက်တဲ့ ပေါ့ဆမှုဟု သမ္မတ ပူတင် ပြော

ရုရှသမ္မတ ဗလာဒီမာပူတင်က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှု နှေးကွေးအောင် မော်စကိုမြို့သူမြို့သားတွေကို အဝင်အထွက်ပိတ် lockdown ချတာအပေါ် လေးစားလိုက်နာကြဖို့ ပြောဆိုတိုက်တွန်းလိုက်ပါတယ်။

လူဦးရေ ၁၂ သန်းရှိတဲ့ မော်စကိုမြို့တော်ကို lockdown ချတဲ့ လုပ်ငန်းစဉ်ကို မသိကျိုးကျွန်ပြု မလိုက်နာကြတာဟာ ရာဇဝတ်မှုမြောက်တဲ့ ပေါ့ဆမှုပဲ ဖြစ်တယ်လို့ ပူတင်က ပြောပါတယ်။

ကိုရိုနာဗိုင်းရပ် ကူးစက်ဖြစ်ပွားမှုကို ဟန့်တားနိုင်အောင် ရိုးရှင်းတဲ့ လုပ်ငန်းစဉ်အဖြစ် lockdown ချတာကို မော်စကိုမြို့တော်နဲ့အတူ နိုင်ငံရဲ့ အခြားအရပ်တွေမှာပါ ပြဋ္ဌာန်းလာခဲ့တာဖြစ်ပြီး လေးစားလိုက်နာဖို့အတွက် ပူတင် တနင်္လာနေ့မှာ တိုက်တွန်းပြောဆိုတာပါ။

ပြီးခဲ့တဲ့ သီတင်းပတ်မှာ သမ္မတ ပူတင်ဟာ ‘အလုပ်မလုပ်ကြမယ့် သီတင်းပတ်’ စတင်မယ်လို့ ကြေညာလိုက်တာနဲ့ တစ်ချိန်တည်းမှာပဲ မော်စကိုမြို့တော်ဝန် ဆာဂျေးဆိုဘရိုင်နင်က တနင်္ဂနွေနေ့ နှောင်းပိုင်းမှာ ရုတ်ခြည်း မော်စကိုမြို့တော်ကို lockdown ချကြောင်း ကြေညာခဲ့တာပါ။

“ကျွန်တော်အနေနဲ့ တကယ့်ကို လိုအပ်လို့ ချမှတ်ကျင့်သုံးရတာ ဖြစ်တာကြောင့် လေးစားလိုက်နာကြဖို့ ခင်ဗျားတို့ကို တိုက်တွန်းလိုတယ်။ အလေးအနက်ထားကြပါ၊ အပြည့်အဝ တာဝန်ယူကြပါ။”လို့ ပူတင်က ပြောပါတယ်။

မော်စကိုမြို့တော်ဟာ ရုရှမှာ ကိုရိုနာဗိုင်းရပ်စ်ရဲ့ ဗဟိုချက်ဖြစ်နေပြီး မြို့တော်ဝန်က မြို့နေတွေကို လိုအပ်တဲ့ ပစ္စည်းပစ္စယတွေ ဝယ်ယူတာ၊ ဆေးရုံသွားတာ စတာတွေနဲ့ အမှိုက်ပစ်တာတွေအတွက်ပဲ အပြင်ထွက်ခွင့် ပြုထားတဲ့ စည်းမျဉ်းစည်းကမ်းသစ်တွေကို သီတင်းနှစ်ပတ်တာ ချမှတ်ထားပြီလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ရုရှနိုင်ငံမှာ ၂၄ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားသူ ၃၀၂ ဦးအထိ စံချိန်ကူးစက်ခဲ့တာကြောင့် နိုင်ငံမှာ စုစုပေါင်း ကူးစက်သူ ၁၈၃၅ ဦး ရှိပြီ သေဆုံးသူ ကိုးဦး ရှိပြီဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required