COVID-19 ကြောင့် ဝန်ထမ်းတွေကို အလုပ်ရပ်နားနေပြီဖြစ်တဲ့ ပထမဆုံး ပရီးမီးယားလိဂ်အသင်း

COVID-19 ကြောင့် ဝန်ထမ်းတွေကို အလုပ်ရပ်နားနေပြီဖြစ်တဲ့ ပထမဆုံး ပရီးမီးယားလိဂ်အသင်း

COVID-19 ကြောင့် ဘောလုံးပွဲစဉ်တွေ ရပ်နားထားရတဲ့ အနေအထားဟာ ကလပ်အသင်းပိုင်ရှင်တွေအတွက်တော့ ပျော်စရာမကောင်းပါဘူး။ ကွင်းဝင်ကြေးတွေကို အပတ်စဉ်တိုင်း ဆုံးရှုံးနေရတဲ့အပြင် ကစားသမားတွေနဲ့ ဝန်ထမ်းတွေကို အသားလွတ်ကြီး လစာတွေပေးထားရတာမို့ ထွက်ငွေချည်းပဲ ဖြစ်နေတာပါ။

ဒါပေမယ့်လည်း ကလပ်အသင်းပိုင်ရှင်တွေဆိုတာ မီလျံနာတွေချည်းပဲ ဖြစ်ကြတာမို့ သူတို့ရဲ့ အနာဂတ်အတွက် လုံခြုံစိတ်ချရတယ်လို့ ကလပ်အသင်းတွေရဲ့ ဝန်ထမ်းတွေက ယုံကြည်ထားကြပါတယ်။

ဒီအခြေအနေမှာ အသင်းရဲ့ဝင်ငွေတွေဆုံးရှုံးလို့ဆိုပြီး အသင်းဝန်ထမ်းတွေကို အလုပ်ရပ်နားနေပြီဖြစ်တဲ့ ပထမဆုံး ပရီးမီးယားလိဂ် ကလပ်အသင်းတစ်သင်းပေါ်ထွက်လာခဲ့ပါတယ်။

အဲဒါကတော့ ပရိသတ်တွေအတွက် ဘယ်တော့မှ မစဉ်းစားပေးဘူးလို့ တောက်လျောက်ဝေဖန်ခံလာရတဲ့ နယူးကာဆယ်အသင်းပါပဲ။ ကစားသမားသစ်တွေ မခေါ်ပေးခဲ့လို့ ပရိသတ်တွေရဲ့ ဝေဖန်မှုတွေကို ပြင်းပြင်းထန်ထန် ခံခဲ့ရတဲ့ နယူးကာဆယ်အသင်းပိုင်ရှင် မိုက်အက်ရှ်လေဟာ အခုလည်း အသင်းရဲ့ဝန်ထမ်းတွေကို အလုပ်ကနေ ရပ်နားပစ်လိုက်ပါပြီ။

တကယ်တော့ မိုက်အက်ရှ်လေဟာ မီလျံနာ တင်မဟုတ်ပါဘူး။ သူက ဘီလီယံနဲ့ချီလို့ ချမ်းသာကြွယ်ဝသူ တစ်ယောက်ဖြစ်ပြီး သူ့ရဲ့ပိုက်ဆံတွေကို အသင်းအတွက် မသုံးချင်ရုံသက်သက်ပါ။

နယူးကာဆယ်အသင်းရဲ့ အုပ်ချုပ်မှုဒါရိုက်တာ လီချန်လေ က ဝန်ထမ်းတွေကို အီးမေးလ်ပို့ကာ အသိပေးခဲ့ပြီး အသင်းရဲ့ကင်းထောက်တွေ၊ အကယ်ဒမီနည်းပြတွေဟာ အလုပ်ရပ်နားတဲ့အထဲမှာ ပါဝင်ခဲ့ကြောင်း အသိပေးခဲ့တာပါ။ အသင်းအနေနဲ့ ဒီဝန်ထမ်းတွေရဲ့ လစာငွေ (၈၀)ရာခိုင်နှုန်းကို နစ်နာကြေးအဖြစ် ပေးချေသွားမှာဖြစ်ပြီး အသင်းရဲ့ စီနီယာကစားသမားတွေနဲ့ နည်းပြအဖွဲ့ဝင်တွေကတော့ အလုပ်မှာ ဆက်လက်တည်မြဲနေကြမှာပါ။

ဝန်ထမ်းတွေကို အလုပ်ကနေ ရပ်နားလိုက်ပေမယ့်လည်း ဗိုင်းရပ်စ်အခြေအနေ ပြန်လည်တည်ငြိမ်သွားတဲ့အချိန်မှာ မူလ လုပ်ငန်းခွင်တွေမှာ ပြန်လည်လုပ်ကိုင်ခွင့်ပေးမှာဖြစ်တယ်လို့ အသိပေးခဲ့ပါတယ်။

နယူးကာဆယ်အသင်းရဲ့ ပရိသတ်တွေကတော့ သူတို့ ဝယ်ယူထားတဲ့ တစ်ရာသီစာ လက်မှတ်ဖိုးတွေကို ပြန်အမ်းပေးဖို့ မျှော်လင့်နေကြပါတယ်။ ဒါပေမယ့် အသင်းပိုင်ရှင်နဲ့ တာဝန်ရှိသူတွေကတော့ ပြန်ပေးမယ့်ပုံ ရှိမနေဘူးလို့ TheSun က ဖော်ပြပါတယ်။

မိုက်အက်ရှ်လေအနေနဲ့ အိမ်ကွင်းပွဲစဉ်တွေကနေ ရရှိမယ့် သန်းချီတဲ့ပိုက်ဆံတွေကို ဆုံးရှုံးနေရတာကြောင့် ကလပ်အသင်းကို စျေးလျော့ရောင်းဖို့အထိတောင် စီစဉ်နေပြီး ဆော်ဒီအာရေဗျရဲ့ လုပ်ငန်းရှင်အဖွဲ့ဆီ ရောင်းချဖို့ ပြင်ဆင်နေတယ်ဆိုတဲ့သတင်းတွေလည်း ထွက်နေခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required