မြဝတီနယ်စပ်ဂိတ်ရောက်စေတနာဝန်ထမ်းများ ကျန်မာရေးအသုံးအဆောင် မလောက်ငှ

မြဝတီနယ်စပ်ဂိတ်ရောက်စေတနာဝန်ထမ်းများ ကျန်မာရေးအသုံးအဆောင် မလောက်ငှ

မတ်လ ၃၁

မြဝတီနယ်စပ်ဂိတ်မှာ  ပြည်ပကဝင်ရောက်လာသူတွေကို စေတနာ့ဝန်ထမ်းအဖြစ်လုပ်အားပေးနေတဲ့ စေတနာ့ဝန်ထမ်းတွေမှာ ကျန်းမာရေးသုံးပစ္စည်းတွေမလုံလောက်တာကြောင့် ဗိုင်းရပ်စ်ကူးစက်နိုင်ခြေရှိတဲ့ အခြေအနေနဲ့ ရင်ဆိုင်ခဲ့ကြရတယ်လို့ စေတနာ့ဝန်ထမ်းတွေဆီကသိရပါတယ်။

“အရေးပေါ်လာတာဆိုတော့ PPEတွေ Mask တွေ ပါမလာဘူးပေါ့၊ ကျွန်မတို့ကလည်း ကျန်းမာရေးဝန်ထမ်းဆိုတော့ နောက်ပိုင်းမှာ လိုအပ်လာရင် ကူရဦးမှာ Infection ရလို့မဖြစ်ဘူးပေါ့၊ လာတဲ့နေ့ကလည်း ရိုးရိုး Mask ပဲသုံးရတယ် ပြန်လာတဲ့လူအုပ်က တအားများတော့ နောက်ရက်ကျ N95တောင်းတယ် နောက်ရက်ကျ Expiredဖြစ်နေတာတွေ ပေးတယ် အဲ့တာတောင် လူစေ့ရတာမဟုတ်ဘူး”ဟု အမည်မဖော်လိုသူ စေတနာဝန်ထမ်း တစ်ဦးက ဆိုသည်။

အဆိုပါ မျက်နှာစည်းတစ်ခုကို စေတနာဝန်ထမ်း တစ်ဦးလျှင် နှစ်ရက် အသုံးပြုခဲ့ရကြောင်း၊ ရရှိသော Mask များကိုလည်း လူထိတွေ့မှုများသည့် စေတနာ့ဝန်ထမ်းများသာ အသုံးပြုခွင့်ရကြောင်း စေတနာဝန်ထမ်းများက ပြောသည်။

“အမှန်တော့ N95ဆိုတာက တီဗီရောဂါသည်တွေ ကုသတဲ့အခါ သုံးတယ် အဲ့မှာ တစ်ယောက်တည်းနဲ့ ထိတွေ့ရတာ ပြသာနာမရှိဘူး မရှိတဲ့အခါ နေပြန်လှန်းပြီး သုံးရက် သုံးလို့ရတယ်၊ ဒါပေမယ့် ဒီလိုအခြေအနေမျိုး လူအများ ကြီးနဲ့ ထိတွေ့ရတော့ တစ်နေကုန်လည်း သုံးရတယ် နောက်နေ့သုံးဖို့ကျ အဆင်မပြေတော့ဘူး”ဟု စေတနာဝန်ထမ်းတစ်ဦးက ပြောသည်။

မတ်လ ၂၅ရက်နေ့က ရန်ကုန်သူနာပြုသင်တန်းကျောင်းမှ စေတနာ့ဝန်ထမ်း ကျောင်းသူများ၊ ဘားအံသူနာပြုသင်တန်းကျောင်းမှ စေတနာဝန်ထမ်း ကျောင်းသူများ အပါအဝင် စေတနာဝန်ထမ်း ၁၀၀ကျော်ဟာ ၅ရက်ကြာ လုပ်အားပေးခဲ့ကြသည်။

ထိုသို့လုပ်အားပေးခဲ့စဉ်က ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့  ပြန်လည်ဝင်ရောက်လာသူ တစ်နေ့လျှင် ၆၀၀၀ခန့်ရှိကြောင်း သိရသည်။

ယခုအခါ ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူများကို မိမိနေထိုင်ရာဒေသသို့ ပြန်ခွင့်ပေးတော့မည် မဟုတ်ဘဲ နိုင်ငံတော်အစိုးရမှ စီစဉ်ထားသော နေရာများတွင် ၁၄ရက်စောင့်ကြည့်ပြီးမှ ပြန်ခွင့်ပြုမည်ဟု သိရသည်။ ပြန်လာရန် စီစဉ်ထားသူများအနေနှင့်လည်း ဧပြီလ ၁၅ရက်နေ့ နောက်ပိုင်းမှ ပြန်လာခွင့်ပြုမည်စု နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly