နယူးဒေလီမြို့တော်ကနေ နယ်ပြန်ကြသူတွေကို စုထိုင်ခိုင်းပြီး ပိုးသတ်ဆေးဖြန်းတာကြောင့် စိတ်ဆိုးဒေါသထွက်

နယူးဒေလီမြို့တော်ကနေ နယ်ပြန်ကြသူတွေကို စုထိုင်ခိုင်းပြီး ပိုးသတ်ဆေးဖြန်းတာကြောင့် စိတ်ဆိုးဒေါသထွက်

မတ်လ ၃၁

အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အဝင်အထွက်ပိတ်ပြီး lockdown ချထားချိန်အတွင်းမှာ ရွှေ့ပြောင်းအလုပ်သမားတွေဟာ နယူးဒေလီမြို့တော်ကနေ ၎င်းတို့ရဲ့ မွေးရပ်မြေ တောနယ်အရပ်ဆီ ပြန်ကြရာမှာ အကာ အကွယ် ဝတ်စုံတွေ ဝတ်ဆင်ထားသူတွေက ၎င်းအလုပ်သမားတွေကို စုထိုင်ခိုင်းပြီး ပိုက်တွေနဲ့ ပိုးသတ်ဆေးတွေ ပက်ဖြန်းကြပါတယ်။

ဒီလို လုပ်ဆောင်ချက်ကြောင့် ပြည်သူတွေဟာ စိတ်ဆိုးဒေါသထွက်ကြပြီး အွန်လိုင်းပေါ်မှာ အစိုးရကို ဝေဖန်ပြောဆိုလာကြပါတယ်။

နောက်ပိုင်းမှာ ဌာနေတာဝန်ရှိသူတစ်ဦးက မီးသတ်တပ်ဖွဲ့က ဘတ်စ်ကားတွေကို ပိုးသတ်ဆေး လိုက်လံပက်ဖျန်းတာ ဖြစ်ပြီး ဝိရိယလွန်ကဲရာကနေ ခရီးသည်တွေကိုပါ ပိုးသတ်ဆေးတွေ ပက်ဖြန်းမိတာလို့ တွစ်တာကနေပြီး ရှင်းလင်းရေးသားပါတယ်။

ခုလို လူတွေကိုပါ ပိုက်နဲ့ ပိုးသတ်ဆေးဖြန်းတာဟာ မြောက်ပိုင်း ဥတာပရာဒက်ရှ်ပြည်နယ်က ဘာရေးလီခရိုင်မှာ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

အိန္ဒိယနိုင်ငံမှာ ဝန်ကြီးချုပ် နာရန္ဒြာမိုဒီက ဗိုင်းရပ်စ်ကူးစက်မှု ရပ်တန့်ရေး မျှော်လင့်ပြီး ၁ ဒသမ ၃ ဘီလီယံရှိတဲ့ နိုင်ငံရဲ့ ပြည်သူတွေကို  ဧပြီ ၁၅ ရက်အထိ အိမ်ထဲမှာပင် နေကြဖို့ အမိန့်ထုတ်ထားပြီး lockdown ချထားတာ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီ အမိန့်ကြောင့် ဆင်းရဲနွမ်းပါးတဲ့ အိန္ဒိယပြည်သူ သန်းပေါင်းများစွာဟာ အလုပ်လက်မဲ့ ဖြစ်ကြရပြီး ဝမ်းရေးအခက်ကြုံနေကြရပြီလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ် ၂၅ ရက်က စတင်တဲ့ lockdown အမိန့်ကို ဖီဆန်ပြီး နယူးဒေလီနဲ့ မွမ်ဘိုင်းလို မြို့ကြီးတွေက နေ့စားအလုပ်သမား ထောင်ပေါင်းများစွာဟာ မိသားစုတွေနဲ့အတူ ကျေးလက်တောနယ်ပိုင်းက ၎င်းတို့ရဲ့ မွေးရပ်မြေ ဆီ ခြေလျင်လျှောက်ပြန်ကြတာတွေလည်း ရှိလာခဲ့ပါတယ်။

အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားသူပေါင်း ၁၀၇၁ ဦး ရှိပြီး ၂၉ ဦး သေဆုံးကြောင်း ကျန်းမာရေးဝန်ကြီးဌာနက တနင်္လာနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required