အဆိုးဆုံးအခြေအနေအထိကြိုတင်ပြင်ညှိနှိုင်းနိုင်ရန် COVID-19 အရေးပေါ်တုံ့ပြန်ရေးကော်မတီကိုဖွဲ့စည်း

အဆိုးဆုံးအခြေအနေအထိကြိုတင်ပြင်ညှိနှိုင်းနိုင်ရန် COVID-19 အရေးပေါ်တုံ့ပြန်ရေးကော်မတီကိုဖွဲ့စည်း

ရန်ကုန်၊ မတ် ၃၁

COVID-19 ကူးစက်ပျံ့ပွားမှုမြင့်မားလာနိုင်သည့် အဆိုးဆုံးအခြေအနေအထိကြိုတင်ပြင်ဆင်ညှိနှိုင်းနိုင်ရန်ဟုဆိုကာCOVID-19 အရေးပေါ်တုံ့ပြန်ရေးကော်မတီကိုနိုင်ငံတော်သမ္မတရုံးမှ  ဖွဲ့စည်းလိုက်ကြောင်းဒီကနေ့ကြေငြာ သည်။

“ Coronavirus Disease 2019(COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ” အမည်ဖြင့်ဒုတိယသမ္မတ (၁) ဦးမြင့်ဆွေဦးဆောင်မည့် အဖွဲ့ကိုစည်းခြင်းဖြစ်သည်။

အဖွဲ့ဝင်များအဖြစ် ကာကွယ်ရေး၊ နယ်စပ်ရေးရာ၊ သာသနာရေး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၊ အလုပ်သမားနှင့် လူဝန်မှုကြီးကြပ်ရေး၊ လူမှုဝန်ထမ်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး၊ ပြည်ထဲရေးအစရှိသည့်ဝန်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများအပြင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးတို့လည်းပါဝင်သည်။သို့သော် ကျန်းမာရေးဝန်ကြီးမပါဝင်ပေ။

အဆိုပါကော်မတီ၏ အဓိကတာဝန်များ၏ အကျဉ်းချုပ်မှာအောက်ပါအတိုင်းဖြစ်သည်။

  • •    COVID-19ကူးစက်သူများနှင့် အနီးကပ်ထိတွေ့သူများကိုရောဂါလက္ခဏာပြသည်အထိမစောင့်ဘဲစုံစမ်းရှာဖွေ၊ စစ်ဆေးရန်။
  • •    ပြည်ပနိုင်ငံမှ ပြည်ရောက်လာသူများကိုနေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များနှင့်ပူးပေါင်းကာစုံစမ်းရှာဖွေ၊ Quarantine လုပ်ရန်။
  • •    ဒေသတစ်ခုတွင်လည်းကောင်း၊ ဒေသတစ်ခုထက်ပို၍လည်းကောင်းကူးစက်ပျံ့ပွားလာပါကထိန်းချုပ်နိုင်ရန်အတွက် COVID-19 အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ လမ်းညွှန်ပေးရန်။
  • •    ကူးစက်ရောဂါဖြစ်ပွားမှုမြင့်လာသည့်ဒေသများနှင့် မြင့်လာရန်အလားအလာရှိသည့်ဒေသများတွင် မတည်ငြိမ်မှုများဖြစ်ပွားလာပါကဌာနဆိုင်ရာနှင့်၊ ကြက်ခြေနီ၊ လူမှုအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောအဖွဲ့များနှင့် လိုသလိုပူးပေါင်းဆောင်ရွက်ရန်။
  • •    အရေးကြီးသည့် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဉပဒေစိုးမိုးရေးဆောင်ရွက်ရန်။
  • •    ဒေသများတွင် Community Quarantine ပြုလုပ်ရပါကမရှိမဖြစ်လိုအပ်သောအရောင်းဆိုင်၊ ဆေးပစ္စည်းဆိုင်များနှင့် စက်ရုံ၊ အလုပ်ရုံများဆက်လက်ဆောင်ရွက်နိုင်ရန် လုံခြုံရေးအစီအမံများချမှတ်ရန်။
  • •    Community Based Facility  Quarantineထားရှိရမည့်နေရာများပို့ဆောင်ရာတွင် လည်းကောင်း၊ ကူးစက်ရောဂါဖြင့်သေဆုံးသူများအားသဂြိုလ်ရေးလုပ်ငန်းများစနစ်ကျစေရေးဆောင်ရွက်ရန်။
  • •    အဆိုးဆုံးအခြေအနေအထိကြိုတင်မျှော်တွေး၍ လိုအပ်သည့် စားနပ်ရိက္ခာ၊ ဆေးဝါး၊ Facility၊ Test Kits၊ PPE တို့အပြင် ယာဉ်များ၊ Volunteer များအစရှိသည့် အရင်းမြစ်များကိုအဆင့်အလိုက်ကြိုတင်ပြင်ဆင်စုဆောင်းပြီးလက်တွေ့လုံလောက်စွာစီစဉ်ပေးနိုင်ရန်အတွက် ညှိနှိုင်းပေးရန်။
  • •    သတင်းမှားဖြန့်ဝေသူများကိုအမြန်ဆုံးဖော်ထုတ် ဖမ်းဆီးပြီးတည်ဆဲဉပဒေများဖြင့်အရေးယူရန်
  • •    ဆေးဝါး၊ ရိက္ခာနှင့် လူသုံးကုန်ပစ္စည်းများကိုဈေးတင်ရောင်သူများအားရှာဖွေဖော်ထုတ် ဖမ်းဆီးအရေးယူရန်။
  • •    အရေးကြီးနေရာဌာနများ၊ အများပြည်သူနေရာဌာနများတွင် ပိုးသတ်ဆေးဖြန်းခြင်း၊ အသိပညာပေးခြင်းတို့ကိုကြီးကြပ်ရန်။
  • •    နယ်စပ်ဝင်ပေါက်များ၊ အပြည်ပြည်ဆိုင်ရာဝင်ပေါက်များမှ တရားမဝင်  ဝင်၊ ထွက်မှုမရှိစေရေး။

အစရှိသည်တို့ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော 2019 Novel Coronavirus(2019 - nCov) ကြောင့်ဖြစ်ပွားသောအဆုတ်ရောင်ရောဂါကာကွယ်ထိန်းချုပ်ကုသရေးဗဟိုကော်မတီကိုဖျက်သိမ်းကာ ယခုကော်မတီကိုဖွဲ့စည်းလိုက် ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် COVID-19စောင့်ကြည့်လူနာ ၅၁၅ ဦးရှိနေပြီးယင်းအထဲမှ ပိုးတွေ့ရှိသူ၁၄ ဦးနှင့် သေဆုံးသူမှာ ၁ ဦးရှိနေပြီဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required