WHO က ကိုရိုနာဗိုင်းရပ်စ် သတင်းအချက်များကို မျှဝေခြင်းမရှိဟု ထိုင်ဝမ် အပြစ်ဆို

WHO က ကိုရိုနာဗိုင်းရပ်စ် သတင်းအချက်များကို မျှဝေခြင်းမရှိဟု ထိုင်ဝမ် အပြစ်ဆို

မတ်လ ၃၁

ထိုင်ဝမ်နိုင်ငံက ပေးပို့ထားသည့် ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုနှင့် တားဆီးကာကွယ်ရေး နည်းလမ်းစဉ် အသေးစိတ်အပါအဝင် ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်သော သတင်းအချက်အလက်များကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က အဖွဲ့ဝင်နိုင်ငံများကို မျှဝေခဲ့ခြင်းမရှိဟု ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနက မတ် ၃၀ ရက်၌ ပြောကာ အပြစ်ပြောဆိုသည်။

ထိုင်ဝမ်ကျွန်းအား အချုပ်အခြာအာဏာပိုင် နိုင်ငံဖြစ်ခွင့် မရှိဟု တရုတ်နိုင်ငံ၏ ဖိအားကြောင့် ကုလသမဂ္ဂအဖွဲ့အစည်းဖြစ်သည့် WHO ၏ အဖွဲ့ဝင်ဖြစ်ခွင့် မရခြင်းသည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားနေသည့် ကာလအတွင်း ထိုင်ဝမ်အစိုးရအတွက် စိတ်ဆိုးဒေါသထွက်စရာ ဖြစ်စေသည်။

ကိုရိုနာဗိုင်းရပ်စ်အရေးတွင် စောစီးစွာ စစ်ဆေးတွေ့ရှိခြင်းနှင့် ထိန်းချုပ်သည့် နည်းလမ်းများကြောင့် နှိုင်းယှဉ်ပါက ထိုင်ဝမ်ကျွန်းတွင် ဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားမှု နည်းပါးသော်လည်း ထိုင်ဝမ်အစိုးရကမူ ရောဂါကူးစက်ဖြစ်ပွားချိန်အတွင်း WHO အဖွဲ့မှ ဖယ်ကြဉ်ထားခြင်း ခံရဆဲ အခြေအနေသည် ထိုင်ဝမ်ပြည်သူများ၏ အသက်ကို နိုင်ငံရေးအတွက် ကစားခံနေရခြင်းပဲ ဖြစ်သည်ဟု ပြောသည်။

WHO ရော၊ တရုတ်ကပါ ထိုင်ဝမ်အား လိုအပ်သော အကူအညီများ ပေးလျက်ရှိသည်ဟု ပြောကြသည်။

နိုင်ငံတကာအဖွဲ့အစည်းများမှ ထိုင်ဝမ်ကို ဖယ်ကြဉ်ရေး တရုတ်၏ ဖိအားကြောင့် ဘေးအန္တရာယ် ရှိသည့်အချိန် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု စတင်ချိန်က  မေးမြန်းမှုများကို WHO က မသိကျိုးကျွန်ပြုခဲ့သည်ဟု ထိုင်ဝမ်က လွန်ခဲ့သော သီတင်းပတ်တွင် ပြောထားသည်။

ပြီးခဲ့သည့် မတ် ၂၉ တွင် WHO သည် ထိုင်ဝမ်နှင့် ပတ်သက်ပြီး ရှားရှားပါးပါး ထုတ်ပြန်ခဲ့သည်။ ယင်း ထုတ်ပြန်ချက်တွင် ထိုင်ဝမ်၏ ကိုရိုနာဗိုင်းရပ်စ်အရေးကို အနီးကပ်စောင့်ကြည့်နေကြောင်း၊ ကိုရိုနာဗိုင်းရပ်စ်ကို ထိုင်ဝမ်က မည်သို့ တိုက်ခိုက်နေသည်ကို  လေ့လာလျက်ရှိကြောင်း၊ ထိုင်ဝမ်ကျန်းမာရေးပညာရှင်များနှင့် WHO တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း စသည်ဖြင့် ဖော်ပြထားသည်။

ယင်းထုတ်ပြန်ချက်အား တုံ့ပြန်ရာ၌ ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသမီး Joanne Ou က WHO အနေဖြင့် နိုင်ငံရေးနွယ်ပြီး ထိုင်ဝမ်အပေါ် ချမှတ်ထားသော ယုတ္တိမတန်သည့် ကန့်သတ်တားမြစ်ချက်အချို့အား ပြန်လည်သုံးသပ် ပြင်ဆင်သွားရန် လိုအပ်နေပြီဟု ပြောဆိုတုံ့ပြန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required