ရွှေ့ဆိုင်းလိုက်တဲ့ တိုကျိုအိုလံပစ်ကို လာမယ့်နှစ် ဇူလိုင် ၂၃ ရက်မှာ ဖွင့်လှစ်မည်

ရွှေ့ဆိုင်းလိုက်တဲ့ တိုကျိုအိုလံပစ်ကို လာမယ့်နှစ် ဇူလိုင် ၂၃ ရက်မှာ ဖွင့်လှစ်မည်
Photo: EPA

တိုကျိုအိုလံပစ်ပြိုင်ပွဲကို လာမယ့်နှစ် ဇူလိုင်လ ၂၃ ရက်နေ့မှာ စတင်လိမ့်မယ်လို့ ပွဲစီစဉ်သူတွေက တနင်္လာနေ့က ပြောပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ပြဿနာတွေကြောင့် ဒီအားကစားပြိုင်ပွဲကို ၂၀၂၁ ခုနှစ်အထိ ရွှေ့ဆိုင်းဖို့ အခုလို ဆုံးဖြတ်ခဲ့ကြတာပါ။

ကမ္ဘာလုံးဆိုင်ရာ ဗိုင်းရပ်စ်ဖြစ်ပွားမှု ပိုမိုဆိုးရွားလာတာနဲ့အမျှ စီစဉ်သူတွေဟာ အားကစားသမားတွေနဲ့ အားကစားအဖွဲ့ချုပ်တွေရဲ့ ဖိအားပေးမှုတွေအောက်မှာ ပြိုင်ပွဲကို ရွှေ့ဆိုင်းပေးဖို့ တွန်းအားပေးခံရပြီးနောက် တစ်ပတ်မပြည့်ခင် ကြေညာချက် ထွက်ပေါ်လာတာဖြစ်ပါတယ်။

"အိုလံပစ်ပြိုင်ပွဲကို ၂၀၂၁ ခုနှစ်၊ ဇူလိုင် ၂၃ ကနေ သြဂုတ် ၈ ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပါတယ်။ မသန်စွမ်းသူများ အိုလံပစ်ကိုတော့ သြဂုတ် ၂၄ ရက်ကနေ စက်တင်ဘာ ၅ ရက်အထိ ကျင်းပမှာဖြစ်တယ်။"လို့ တိုကျို ၂၀၂၀ အကြီးအကဲ ယိုရှီရိ မော်ရီက အလျင်စီစဉ်လိုက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

တိုကျို ၂၀၂၀ အိုလံပစ်ကို ယခုနှစ် ဇူလိုင် ၂၄ ရက်မှာ ဖွင့်လှစ်ရမှာဖြစ်ပေမယ့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါကြောင့် ကမ္ဘာစစ်တွေအပြီး ပြိုင်ပွဲကို ပထမဆုံးအကြိမ် ရွှေ့ဆိုင်းခဲ့တာဖြစ်ပါတယ်။

ရက်သတ္တပတ်အနည်းငယ်အကြာက နိုင်ငံတကာအိုလံပစ်ကော်မတီနဲ့ ဂျပန်နိုင်ငံတို့ဟာ ပြိုင်ပွဲကို ဆက်လက် ကျင်းပနိုင်မယ်လို့ ပြောဆိုထားပေမယ့် COVID-19 ရဲ့ လျင်မြန်တဲ့ ပြန့်နှံ့မှုကြောင့် အားကစားသမားတွေနဲ့ အားကစားအဖွဲ့ချုပ်တွေအကြား စိုးရိမ်မှုတွေ တိုးပွားခဲ့တယ်လို့ သိရပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ဒဏ်ကြောင့် အမြင့်ဆုံးသော အားကစားပြိုင်ပွဲတစ်ရပ်ဖြစ်တဲ့ အိုလံပစ်အားကစားပြိုင်ပွဲအပါအဝင် ကမ္ဘာတစ်ဝှမ်းက ပွဲစဉ်တွေနဲ့ ပရော်ဖက်ရှင်နယ် အားကစားပြိုင်တွေကို ရပ်တန့်ခဲ့ပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required