COVID-19 ကာကွယ်နိုင်ရေး ဘာသာပေါင်းစုံ ပရဟိတအသင်းများ ပူးပေါင်းပြီး ပိုးသတ်ဆေးဖျန်း

COVID-19 ကာကွယ်နိုင်ရေး ဘာသာပေါင်းစုံ ပရဟိတအသင်းများ ပူးပေါင်းပြီး ပိုးသတ်ဆေးဖျန်း

မန္တလေး၊မတ် ၃၀

ဘာသာပေါင်းစုံ အရပ်ဘက်ပရဟိတအသင်းများ ပူးပေါင်း၍ COVID-19 ဗိုင်းရပ်စ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မတ်လ ၃၀ရက် မွန်းလွဲ ၃ နာရီက မန္တလေးမြို့ မဟာအောင်မြေမြို့နယ်အတွင်းရှိ ရပ်ကွက်များကို ပိုးသတ်ဆေးဖျန်းခြင်းများ ပြုလုပ်ခဲ့သည်။

"ဒီမှာက ကြိုတင်ကာကွယ်ခြင်းဟာ အားနည်းနေသေးတယ်လို့မြင်တယ်။ဒါကြောင့်ကြိုတင်ကာကွယ်ခြင်းကို အများကြီးထိရောက်အောင် ဘုန်းကြီးတို့ တတ်နိုင်တဲ့ ဘက်ကနေပါဝင်နေတာ ဖြစ်ပါတယ် "ဟုစေတနာအလင်းတန်း ပရဟိအသင်း ဦးဆောင် ဆရာတော် ဦးပညာဝံသ(သာသနဓဇ ဓမ္မစရိယ)၊မစိုးရိမ်တိုက်သစ်မှမိန့်ကြားသည်။

ထိုသို့ မြို့နယ်အလိုက် ပိုးသတ်ဆေးဖျန်းခြင်းကို ဘာသာပေါင်းစုံ ပရဟိတအသတင်းများဖြစ်သည့် စေတနာအလင်းတန်း ပရဟိတအသင်း၊စင်္ကြာလူမှု ကူညီရေးအသင်း ၊ရောင်ခြည်ပရဟိအသင်း၊ မင်္ဂလာလူငယ်အသင်း ၊စေတနာမွန်အသင်း ၊မေတ္တာကမ်ပိန်းအဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့၊မီးသတ်တပ်ဖွဲ့ဝင်များနှင့်ကြက်ခြေနီတပ်ဖွဲ့ဝင်များဗပူးပေါင်းပြီး မတ်လ ၂၈ရက်နေ့ကစတင်ဆောင်ရွက်ပေးနေခြင်းဖြစ်သည်။

"ဒီအဖွဲ့တွေထဲမှာ ဘာသာအမျိုးစုံပါတဲ့သူတွေ အစ္စလာမ်တစ်ခုထဲပါတာမဟုတ်ဘူး။ဗုဒ္ဓဘာသာတစ်ခုထဲပါတာမဟုတ်ဘူး။ဘာသာအရ လူမျိုးအရ ခွဲခြားတာမဟုတ်ဘူး။ရပ်ကွက်ရဲ့ အခုဖြစ်လာမယ့် အရေးမှန်သမျှ ကျွန်တော်တို့က ဝိုင်းဝန်းလက်တွဲပြီး ကူညီကြတာဖြစ်တယ်"ဟုစင်္ကြာနွယ်စဉ်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ကပြောသည်။

ရပ်ကွက်များရှိ နေအိမ်များသို့ တစ်အိမ်တက်ဆင်း ဆေးဖျန်းပေးခဲ့ပြီး ဆေးရုံ၊ဆေးခန်းများတွင်လည်း ဆေးဖျန်းခြင်းများပြုလုပ်ပေးသည်။

"ကျွန်တော်တို့ ဒီနေ့ကာလမှာ ဘာသာတွေ လူမျိုးတွေ ခွဲခြားမနေဘဲနဲ့ ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ အခြေအနေကို အားလုံးက ပူးပေါင်းဆောင်ရွက်သင့်တယ်လို့ အမြင်လေးတွေက ဒီကိစ္စလေးတွေမှာ ပါဝင်ပူးပေါင်း ဖြစ်တာပါ"ဟု မေတ္တာကမ်ပိန်းအဖွဲ့ ဦးဆောင်သူ ဦးညီညီကျော်ကပြောသည်။

ပူးပေါင်းအဖွဲ့အနေဖြင့် ဆေးဖျန်းခြင်းလုပ်ငန်းကို မြို့နယ်အလိုက် နေ့စဉ်ပြုလုပ်သွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required