အဝင်အထွက်ပိတ် lockdown ချထားသည်ကို ထပ်တိုးရန် အစီအစဉ်မရှိဟု အိန္ဒိယအစိုးရ ပြော

အဝင်အထွက်ပိတ် lockdown ချထားသည်ကို ထပ်တိုးရန် အစီအစဉ်မရှိဟု အိန္ဒိယအစိုးရ ပြော

အိန္ဒိယနိုင်ငံတွင် အခြေခံလိုအပ်ချက်များ ထောက်ပံ့ပေးနိုင်ရေးနှင့် ကျေးလက်ဒေသများသို့ အလုပ်လက်မဲ့ဖြစ်သွားကြသည့် ပြည်သူထောင်ပေါင်းများစွာ သွားရောက်ကြခြင်းကို တားဆီးနိုင်ရေး ရုန်းကန်နေရလျက် ရှိစဉ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု နှေးကွေးစေရေး ၂၁ ရက်တာ အဝင်အထွက်များပိတ် lockdown ချထားသည်ကို ထပ်တိုးရန် အစီအစဉ် မရှိကြောင်း အစိုးရက မတ် ၃၀ ရက်တွင် ပြောသည်။

ဝန်ကြီးချုပ် နာရန္ဒြာမိုဒီက ဗိုင်းရပ်စ်ကူးစက်မှု ရပ်တန့်ရန် မျှော်လင့်၍ဟု ဆိုကာ ဧပြီ ၁၅ ရက်တိုင်အောင် နိုင်ငံ၏ ၁ ဒသမ ၃ ဘီလီယံသော ပြည်သူများအား အိမ်ထဲမှာပင် နေကြရန် အမိန့်ထုတ်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ယင်း အမိန့်ကြောင့် ဆင်းရဲနွမ်းပါးသော အိန္ဒိယပြည်သူ သန်းပေါင်းများစွာမှာ အလုပ်လက်မဲ့ ဖြစ်ကာ ဝမ်းရေးအခက်ကြုံကြရသည်။

ထုတ်ပြန်ထားသည့် lockdown အမိန့်ကို ဖီဆန်ပြီး နယူးဒေလီနှင့် မွမ်ဘိုင်းကဲ့သို့သော မြို့ကြီးများမှ နေ့စားအလုပ်သမား ထောင်ပေါင်းများစွာသည် မိသားစုများနှင့်အတူ ကျေးလက်တောနယ်ပိုင်းက ၎င်းတို့၏ မွေးရပ်မြေဆီ ခြေလျင်လျှောက်ပြန်ကြတော့သည်။

အစားအစာရော၊ ပိုက်ဆံပါ မရှိပါဟု ၎င်းတို့က ပြောကြသည်။

ကက်ဘိနက်အတွင်းဝန် ရာဂျစ်ဂူဘားက ရှည်ကြာစွာ lockdown ချထားမည်ဆိုသော သတင်းများကို ငြင်းပယ်ပြီး သီတင်းသုံးပတ်ထက် ပိုလွန်၍ lockdown ချရန် အစီအစဉ်မရှိကြောင်း ANI သတင်းဌာနသို့ ပြောသည်။

အိန္ဒိယနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားသူပေါင်း ၁၀၇၁ ဦး ရှိကာ ၂၉ ဦး သေဆုံးကြောင်း ကျန်းမာရေးဝန်ကြီးဌာနက တနင်္လာနေ့၌ ထုတ်ပြန်ထားသည်။

ယင်းနှုန်းထားသည် အမေရိကန်၊ အီတလီနှင့် တရုတ်နိုင်ငံတို့နှင့် နှိုင်းယှဉ်လျှင် နည်းပါးသည့် နှုန်းထားဖြစ်သော်လည်း ကျန်းမာရေးတာဝန်ရှိသူများက အိန္ဒိယနိုင်ငံတွင် အားနည်းသော ပြည်သူ့ကျန်းမာရေးစနစ်အတွက် ထိုးနှက်ချက်ဖြစ်မည့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှု မြင့်တက်လာနိုင်ကြောင်း သတိပေးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required