ရန်ကုန်မြို့လယ်ခေါင် မှတ်တမ်း

မတ်လ ၃၀

ရန်ကုန်မြို့တွင် ကိုရိုနာဗိုင်းရပ်စ်  ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ အနေဖြင့် ကျန်းမာရေး နှာခေါင်းစည်း (Mask) များတပ်ဆင်ခြင်း၊ အများပြည်သူဆိုင်ရာ နေရာများတွင် ထားရှိထားသော လက်ဆေးကန်များတွင် လက်ဆေးခြင်း တို့ကို တိုးမြှင့်လုပ်ဆောင်လာသည်ကို တွေ့မြင်ရသည်။

ဒါ့အပြင် အချို့သော လက်ဖက်ရည်ဆိုင် နှင့် စားသောက်ဆိုင်များတွင် ဆိုင်ထိုင်စားသောက်ခြင်းကို ရောင်းချခြင်းမပြုတော့ဘဲ ပါဆယ်များဖြင့်သာ ရောင်းချလာသည်ကို တွေ့မြင်ရလာရသလို ဆိုင်ဖွင့်လှစ်ရောင်းချသူများ အနေဖြင့်လည်း မိမိတို့၏ ဆိုင်များရှေ့တွင် လက်သန့်ဆေးရည်များ ထားရှိခြင်း၊ သုံး ပေ အကွာမှ ဈေးဝယ်ယူရန် ကန့်သတ်ခြင်း နှင့် လက်ဆေးရန်နေရာ ပြုလုပ်ပေးထားခြင်းတို့ကို တွေ့မြင်ရသည်။

ဓာတ်ပုံ  - ဟိန်းသက်ဦး

ဘဏ်များ နှင့် အရောင်းစင်တာများတွင် ဝင်ပေါက်ဝ၌ ကိုယ်အပူချိန်တိုင်းတာခြင်း၊ လက်သန့်ဆေးရည် အသုံးပြုရန် ညွှန်ကြားခြင်း နှင့် ကိုယ်အပူချိန်တိုင်း Body Temperature Scan စက်များဖြင့် တိုင်းတာခြင်း တို့ကို ပြုလုပ်လျက်ရှိသည်။

လက်ရှိ ရန်ကုန်မြို့လယ်ခေါင်တွင် ကျန်းမာရေး နှာခေါင်းစည်း ဈေးနှုန်းများ ရောင်းချနေသည်ကို တွေ့မြင်နိုင်မှာဖြစ်သလို ဈေးနှုန်းများ အနေဖြင့်လည်း ၃ ခု ပါ အထုပ် တစ်ထုပ် လျှင် ၁၀၀၀ ကျပ်၊ ၁ ခုချင်းစီ ဝယ်ယူပါက အနည်းဆုံး ၆၀၀ ကျပ် မှ အများဆုံး ၈၀၀ ကျပ် အထိ ရောင်းချလျက်ရှိသည်ကို တွေ့မြင်ရသည်။

ဘက်စ်ကားဂိတ်၊ အရောင်းစင်တာများ နှင့် လူစည်ကားရာနေရာများတွင် သိသိသာသာ လူနည်းပါးလျက်ရှိပြီး ရွှေဆိုင်အချို့လည်း ပိတ်သိမ်းထားသည်ကို တွေ့မြင်ရသည်။
 
ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့မှ မနေ့က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားမှု အရ ရန်ကုန်မြို့အား Lockdown ပြုလုပ်ရန် အစီအစဉ် မရှိသေးဘူး ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly