နာမည်ကြီး ဂျပန် ဟာသသရုပ်ဆောင် ကန် ရှီမူရာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကွယ်လွန်

နာမည်ကြီး ဂျပန် ဟာသသရုပ်ဆောင် ကန် ရှီမူရာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကွယ်လွန်

မတ် ၃၀

နာမည်ကျော် ဂျပန် ဟာသသရုပ်ဆောင် ကန် ရှီမူရာသည် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကူးစက်ခံရပြီးနောက် မတ်လ ၂၉ ရက်တွင် ကွယ်လွန်သွားခဲ့ပြီ ဖြစ်ကြောင်း သိရသည်။ ၎င်းသည် ကွယ်လွန်ချိန်တွင် အသက် ၇၀ နှစ် ရှိပြီဖြစ်သည်။

ယင်းအတွက်ကြောင့် ရှီမူရာသည် ဂျပန်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးခဲ့ရသည့် ပထမဆုံးသော အကျော်အမော်တစ်ဦး ဖြစ်လာခဲ့သည်။

မတ်လ ၂၉ ရက်က  ကန် ရှီမူရာ ကွယ်လွန်ပြီးနောက် ၎င်း၏ ပရိသတ်များ အကြီးအကျယ် ပူဆွေးဝမ်းနည်းခဲ့ကြရသည်။

ရှီမူရာသည် ဂျပန်နိုင်ငံ၏ အကျော်ကြားဆုံးသော ဟာသသရုပ်ဆောင်တစ်ဦး ဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်က အဆုတ်ကင်ဆာ ခွဲစိတ်ကုသမှု ခံယူခဲ့ရသည်ဟု သိရသည်။

၎င်းသည် မတ်လ ၁၉ ရက်တွင် ဖျားနာပြီး အသက်ရှုလမ်းကြောင်းဆိုင်ရာ ဝေဒနာများ ခံစားခဲ့ရသည့်အတွက် ဆေးရုံတက်ခဲ့ရသည်ဟု မီဒီယာများက ဖော်ပြသည်။

ရှီမူရာသည် လွန်ခဲ့သည့် ၁၉၇၀ ပြည့်နှစ် အစောပိုင်းကစ၍ ဟာသသရုပ်ဆောင်လောကသို့ ဝင်ရောက်ခဲ့သူ ဖြစ်ကာ ၁၉၇၀ နှင့် ၁၉၈၀ ပြည့်နှစ်ကာလများအတွင်း ရုပ်သံ ဟာသ ဇာတ်လမ်းများတွင် လွှမ်းမိုးနိုင်ခဲ့သူ ဖြစ်သည်။

၎င်းသည် ကနဦးပိုင်းက rock’n’ roll ဂီတအဖွဲ့နှင့် ဟာသအဖွဲ့တစ်ခုဖြစ်သည့် The Drifters ၏ အဖွဲ့သားတစ်ဦးလည်း ဖြစ်ခဲ့သည်။

၎င်း ကွယ်လွန်မှုအတွက် ကြေကွဲဝမ်းနည်းကြောင်း ပရိသတ်များက ဆိုရှယ်မီဒီယာပေါ်တွင် ရေးသားခဲ့ကြသည်။

အလားတူ ဟာသသရုပ်ဆောင် ရှီမူရာ ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း ဂျပန် အစိုးရ၏ အဆင့်မြင့် ပြောရေးဆိုခွင့်ရှိသူ အစိုးရအဖွဲ့ အတွင်းရေးမှူးချုပ် ယိုရှီဟိုက် ဆူဂါကလည်း ထုတ်ဖော်သွားခဲ့သည်။

ဂျပန်နိုင်ငံတွင် မတ်လ ၂၉ ရက် နေ့လည်ပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁,၈၀၀ ကျော် ရှိပြီး သေဆုံးသူ ၅၅ ဦး ရှိနေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags