မိုင်းလားတွင် COVID-19 စောင့်ကြည့်လူနာများ မိမိအသုံးစရိတ်ဖြင့် စောင့်ကြည့်ခံရမည်

မိုင်းလားတွင် COVID-19 စောင့်ကြည့်လူနာများ မိမိအသုံးစရိတ်ဖြင့် စောင့်ကြည့်ခံရမည်
ပုံ - COVID-19 ကာကွယ်ရေး စစ်ဆေးနေကြ (ပုံ- Mongla News)

ရန်ကုန်၊ မတ်လ ၃၀

အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်ဖွဲ့(NDAA)ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ(၄)ဟု လူသိများသော ဒေသတွင်  COVID-19 ရောဂါနှင့်ပတ်သက်ပြီး စောင့်ကြည့်လူနာအဖြစ် ရှိပါက ထိုလူနာ များသည် မိမိ အသုံးစရိတ်ဖြင့် ၁၄ ရက် စောင့်ကြည့်ခံရမည်ဖြစ်ကြောင်း မတ်လ ၂၉ ရက်က အထူးဒေသ(၄) အာဏာပိုင်များက ထုတ်ပြန်ထားသည်။

ထိုထုတ်ပြန်ချက်တွင် အထူးဒေသ(၄)အတွင်းသို့ ဝင်ရောက်လာသည့် ဒေသခံ COVID-19 စောင့်ကြည့်လူနာများ အနေ ဖြင့် ဒေသမှ သတ်မှတ်ထားသည့် သီးသန့်နေရာများသို့ သွားရောက်၍ မိမိအသုံးစရိတ်ဖြင့် (၁၄)ရက်ကြာ ကျန်းမာရေး စောင့်ကြည့်ရမည်ဟု ထုတ်ပြန်ချက်တွင် ပါရှိပါသည်။

သို့သော်လည်း ငွေကြေး(လုံးဝ)မတတ်နိုင်သည့် ဒေသခံများကိုမူ အထူးဒေသ(၄) အုပ်ချုပ်ရေးပိုင်းက အသုံးစရိတ်ကို စီစဉ်ပေးမည်ဟု အထူးဒေသ(၄) မိုင်းလားမှ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောသည်။

“လုံးဝ မတတ်နိုင်ဘူးဆိုရင်လည်း ဒေသခံကဘဲ ပြန်ထုတ်ပေးရတာပေါ့၊ လက်ရှိမှာတော့ အဲ့လိုမျိုး အနေအထားတော့ မရှိသေးဘူးပေါ့နော်။ ရှိလာခဲ့ရင်တော့ ဒေသရဲ့ အုပ်ချုပ်ရေး အပိုင်းကဘဲ  ပြန်စဉ်းစားပေးရတာပေါ့၊ လုံးဝ မတတ်နိုင်တဲ့ မိသားစုတွေရှိနေတဲ့ အနေအထားမှာပေါ့” ဟု ၎င်းက ပြောသည်။

ထိုထုတ်ပြန်ချက်တွင် ရောဂါဖြစ်ပွားသည့် နိုင်ငံ၊ ဒေသနှင့် ပြည်တွင်းမှ လာရောက်သူများအား အထူးဒေသ(၄) အတွင်းသို့ ဝင်ရောက်လာမှု ယာယီ ရပ်ဆိုင်းထားကြောင်း၊ မဖြစ်မနေ ပြန်လာရမည်ဆိုပါက ကြိုတင် အကြောင်း ကြားရန်နှင့် စစ်ဆေး ရေးဂိတ်များတွင် ကျန်းမာရေး စစ်ဆေးမှုခံယူရန် ဖော်ပြပါရှိသည်။

မိုင်းလားမှ ကျန်းမာရေးဝန်ထမ်းတစ်ဦးက “အခုလက်ရှိ မိုင်းလားအခြေအနေက သံသယလူနာလည်း မရှိဘူး၊ မြန်မာပြည် ဘက်က အဝင်ကိုလည်း Lock down လုပ်ထားတယ်။ ဘယ်သူမှ ဝင်ခွင့်မရှိဘူးပေါ့နော်၊ ဒေသခံ ကလူတွေ  မြန်မာပြည် ဘက်က  ပြန်လာလို့ရှိရင်လည်း သီးသန့် ကျန်းမာရေး စောင့်ကြည့်မှုတွေ လုပ်ပါတယ်” ဟု ပြောသည်။

မိုင်းလား အထူးဒေသ(၄)တွင် သီးသန့် စောင့်ကြည့်လူနာများ ထားရှိရန် မိုင်းလားပြည်သူ့ဆေးရုံ၌ အဆင်သင့် ပြင်ဆင် ထားကြောင်း သိရသည်။

ပုံ -    အထူးဒေသ(၄) မိုင်းလားမြို့မှာ တွေ့ရတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်များ(ပုံ-Mongla News)

ပြင်ပဒေသမှ ကုန်စည် လာရောက် ပို့ဆောင်သည့် မော်တော်ယာဉ်နှင့် လူများသည် ဒေသတွင်းသို့ ဝင်ရောက်သည်နှင့် တပြိုင်နက် သတ်မှတ်ထားသည့် ကုန်စည်သိုလှောင်စခန်း၌သာ ကုန်ချရမည်ဖြစ်ပြီး ၎င်းတို့၏ အမည်စာ ရင်းကို မှတ်တမ်း ပြုစုကာ ကုန်စည် လာရောက် ပို့ဆောင်သော မော်တော်ယာဉ်နှင့်လူများသည် ဖြစ်နိုင်ပါက နေ့ချင်းပြန်သွားရန် အကြံပြု ထားကြောင်း မိုင်းလားအထူးဒေသ(၄)၏ ထုတ်ပြန်ချက်တွင် တွေ့ရသည်။

ပြည်ပသို့ ရောက်ရှိနေသည့် ဒေသခံ ပြည်သူများ အနေဖြင့်လည်း အရေးပေါ်အခြေအနေ မရှိပါက ဒေသသို့ ပြန်လာခြင်းကို ယာယီ ရပ်ဆိုင်းထားစေလိုပြီး မဖြစ်မနေ ပြန်လာလိုပါက စစ်ဆေးရေးဂိတ်များတွင်  ရောဂါကြို တင်ကာကွယ်ရေး အစီ အစဉ်ဖြင့် သီးသန့်မော်တော်ယာဉ်များ စေလွှတ်၍ ကြိုပေးမည်ဟုလည်း ထုတ်ပြန်ချက်မှာ ပြောထားသည်။

လက်ရှိ မိုင်းလားတွင် ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ပြီး ဒေသတွင်း ရောဂါ ကူးစက်ခံရသူနှင့် သံသယလူနာ တစ်ဦး တစ်ယောက်မျှ မတွေ့ရှိဟု မိုင်းလားအထူးဒေသ(၄)က မတ်လ ၂၉ ရက်တွင် ထုတ်ပြန်ထားသည်။

မိုင်းလားတွင် COVID-19 ရောဂါကာကွယ်ရေး လုပ်ငန်းကို အထူးကြပ်မှတ် လုပ်ဆောင်နေကာ ပြီးခဲ့သည့် ၂၀၂၀ ဇန်နဝါရီလ (၁၀)ရက် ကတည်းက လူစုလူဝေးဖြစ်နိုင်သည့် ပွဲလမ်းသဘင်များကို  ဖျက်သိမ်းခြင်း၊ ဒေသ အတွင်း  စစ်ဆေးရေး ဂိတ်များတွင် အပူချိန်တိုင်းသော နေရာများထားရှိခြင်း၊ မြို့မဈေးနှင့် စားသောက်ဆိုင်များတွင်  တောရိုင်း တိရစ္ဆာန် ရောင်းချခြင်းများကို ပိတ်ပင်တားမြစ်ခြင်း စသည့် ပြင်ဆင်မှုများ  ပြုလုပ်လျက် ရှိကြောင်း သိရသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ(၄)ဆိုသည်မှာ မိုင်းလားဒေသ၊ ဆီလူးဒေသ၊နမ့်ပန်းဒေသဆိုကာ ဒေသ သုံးခုကို စုစည်းထားပြီး NDAA ဆိုသော မိုင်းလားတပ်ဖွဲ့က ထိန်းချုပ်ထားသည်။

ထို NDAA သည် ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ)မှ ခွဲထွက်ကာ ၁၉၈၉ ခုနှစ်တွင် တပ်မတော်အစိုးရနှင့် ငြိမ်းချမ်းရေး ရယူခဲ့ပြီးနောက် ဖွဲ့စည်းထူထောင်ခဲ့ခြင်း ဖြစ်ပြီး အထူးဒေသ(၄) အဖြစ် သတ်မှတ်ပေးထားခြင်း ဖြစ်သည်။

မြန်မာနိုင်ငံအတွင်းမှာတော့ လက်ရှိတွင် COVID-19 ရောဂါ ပိုးတွေ့ရှိထားသူ ၁၀ ဦးရှိပြီး သံသယနှင့် စောင့်ကြည့် လူနာ များမှာ ရာနှင့်ချီရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly