ဖိလစ်ပိုင်လေဆိပ်၌ လေယာဉ်တစ်စင်း ပျက်ကျမီးလောင်၍ လူ ၈ ဦး သေဆုံး

ဖိလစ်ပိုင်လေဆိပ်၌ လေယာဉ်တစ်စင်း ပျက်ကျမီးလောင်၍ လူ ၈ ဦး သေဆုံး

မတ် ၃၀

ဂျပန်နိုင်ငံသို့ ဦးတည်ပျံသန်းမည့် လေယာဉ်တစ်စင်း မတ်လ ၂၉ ရက် ညပိုင်းက ဖိလစ်ပိုင်နိုင်ငံ မနီလာလေဆိပ်တွင် ပျံတက်စဉ် ပျက်ကျခဲ့ပြီး မီးလောင်သွားခဲ့ရာ လေယာဉ်ပေါ်ပါ လူရှစ်ဦးစလုံး သေဆုံးခဲ့ကြောင်း လေဆိပ် အာဏာပိုင်များက ပြောသည်။

အဆိုပါ Westwind လေယာဉ်သည် ဆေးဘက်ဆိုင်ရာ ကယ်ဆယ်ထောက်ပံ့ရေး မစ်ရှင်တစ်ခုအတွက် ဖိလစ်ပိုင်နိုင်ငံသား လေယာဉ်အမှုထမ်း ခြောက်ဦး အပြင် အမေရိကန်နိုင်ငံသားတစ်ဦးနှင့် ကနေဒါနိုင်ငံသား တစ်ဦး တို့ ကို တင်ဆောင်ကာ ဟာနီဒါ လေဆိပ်သို့ ဦးတည်ပျံတက်ခဲ့ခြင်း ဖြစ်ကြောင်း ဖိလစ်ပိုင် လေဆိပ်အာဏာပိုင်များက ပြောသည်။

အဆိုပါ လေယာဉ် ပျက်ကျပြီး မီးလောင်ခဲ့ချိန်တွင် မီးသတ်သမားများ ချက်ချင်း ရောက်ရှိသွားပြီး မီးလောင်နေသော လေယာဉ်ကို ငြှိမ်းသတ်ခဲ့ကြောင်း လေဆိပ်အာဏာပိုင်အဖွဲ့က ထုတ်ပြန်သည်။

“ ကံမကောင်းစွာနဲ့ပဲ လေယာဉ်ပေါ်မှာ အသက်ရှင်ကျန်ရစ်သူ မရှိခဲ့ပါဘူး” ဟု မနီလာလေဆိပ် အထွေထွေမန်နေဂျာ အက်ဒ် မွန်ရီယယ်က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောသည်။

ယင်းနောက် လေယာဉ် ပြေးလမ်းကို ပိတ်ထားခဲ့ပြီး အဆိုပါ လေယာဉ်ပျက်ကျရခြင်း၏ အကြောင်းရင်းကို စုံစမ်းစစ်ဆေးရေးအရာရှိများက စုံစမ်းစစ်ဆေးလျက် ရှိကြောင်း သိရသည်။

နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု တိုက်ဖျက်ရန် မနီလာနှင့် အဓိက ကျွန်းတစ်ကျွန်းဖြစ်သော လူဇွန် ကျွန်းတို့တွင် ဖိလစ်ပိုင်အစိုးရက ကန့်သတ်တားမြစ်မှုများ လုပ်ဆောင်ထားခဲ့ပြီးနောက် မနီလာလေဆိပ်ရှိ ခရီး သည်တင်လေယာဉ်အများစုသည်လည်း ပျံသန်းနိုင်ခြင်းမရှိဘဲ သီတင်းပတ်များစွာကြာ ရပ်နားထားရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required