မင်းသား ဟယ်ရီတို့ ဇနီးမောင်နှံအတွက် လုံခြုံရေး ကုန်ကျစရိတ် အမေရိကန်ဘက်က ထုတ်ပေးမည်မဟုတ်ကြောင်း ဒေါ်နယ်ထရမ့် ပြော

မင်းသား ဟယ်ရီတို့ ဇနီးမောင်နှံအတွက် လုံခြုံရေး ကုန်ကျစရိတ် အမေရိကန်ဘက်က ထုတ်ပေးမည်မဟုတ်ကြောင်း ဒေါ်နယ်ထရမ့် ပြော

မတ် ၃၀

အမေရိကန်အစိုးရအနေဖြင့် ဗြိတိန် မင်းသား ဟယ်ရီနှင့် ဇနီးသည် မီဂန် မာကဲလ် တို့အတွက် လုံခြုံရေးဆိုင်ရာ ကုန်ကျစရိတ်များ ကျခံပေးသွားမည် မဟုတ်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က မတ်လ ၂၉ ရက်တွင် ပြောဆိုလိုက်သည်။

ယင်းသို့ ပြောဆိုခြင်းအားဖြင့် လက်ရှိအချိန်တွင် မင်းသား ဟယ်ရီနှင့် ဇနီးတို့ ကယ်လီဖိုးနီးယားတွင် ပြောင်းရွှေ့ရောက်ရှိနေပြီ ဆိုသည်ကိုလည်း ထရမ့်က အတည်ပြုခဲ့ပုံ ရသည်။

ဟယ်ရီတို့ ဇနီးမောင်နှံသည် ပုဂ္ဂလိကဂျက်လေယာဉ်တစ်စင်းဖြင့် ကနေဒါနိုင်ငံကနေ ထွက်ခွာပြီး လော့စ် အိန်ဂျလိစ်သို့ ရောက်ရှိခဲ့ကြောင်း သတင်းများ ထွက်ပေါ်ထားခဲ့သည်။  ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုကြောင့် နှစ်နိုင်ငံအကြား နယ်စပ်များ မပိတ်မီ ဟယ်ရီ မောင်နှံတို့ ယခုကဲ့သို့ ပြောင်းရွှေ့ရောက်ရှိခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ကနေဒါနိုင်ငံတွင် လအနည်းငယ် နေထိုင်ခဲ့သည့် ဟယ်ရီနှင့် ဇနီး မီဂန်တို့သည် ဗြိတိန် တော်ဝင်မိသားစုကို ကိုယ်စားမပြုတော့ဘဲ လွတ်လပ်သည့် ဘဝသစ်တစ်ခုကို စတင်သွားတော့မည် ဆိုသည့် ၎င်းတို့၏ ဆုံးဖြတ်ချက်ကို ယခုနှစ်အစောပိုင်းက ကြေညာခဲ့သည်။

“ဘုရင်မကြီးနဲ့ ယူကေအစိုးရဟာ ကျွန်တော့်ရဲ့ မိတ်ဆွေကောင်းတွေ ဖြစ်သလို ကျွန်တော် လေးစားရသူတွေဖြစ်ပါတယ်” ဟု ထရမ့်က တွစ်တာကနေ ပြောသွားသည်။

“ ဟယ်ရီနဲ့ မီဂန်တို့ဟာ ဗြိတိန်ကနေ ထွက်ခွာပြီး ကနေဒါမှာ အမြဲတမ်း နေမယ်လို့ ကြားသိခဲ့တယ်၊ ခုကတော့ သူတို့ ကနေဒါကနေ အမေရိကန်ကို ထွက်ခွာလာခဲ့ပါပြီ၊ ဒါပေမယ့် အမေရိကန်အစိုးရအနေနဲ့ကတော့ သူတို့ရဲ့ လုံခြုံရေးအတွက် ကုန်ကျစရိတ် ထုတ်ပေးသွားဖို့ မရှိပါဘူး၊ ဒါကို သူတို့ကိုယ်တိုင်ပဲ ပေးရမှာဖြစ်ပါတယ်” ဟု ထရမ့်က ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly