စပိန်က ယူရို (၄၃၂) သန်း တန်ဖိုးရှိ ဆေးဘက်သုံးပစ္စည်းများ တရုတ်ထံမှ ဝယ်ယူမည်

စပိန်က ယူရို (၄၃၂) သန်း တန်ဖိုးရှိ ဆေးဘက်သုံးပစ္စည်းများ တရုတ်ထံမှ ဝယ်ယူမည်

မတ် ၂၉

စပိန်သည် ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရန်အတွက် ယူရို ၄၃၂ သန်း (အမေရိကန်ဒေါ်လာ ၄၆၇ သန်း) တန်ဖိုးရှိ ဆေးဘက်သုံး ပစ္စည်းကိရိယာများအား တရုတ်ထံမှ ဝယ်ယူရန် သဘောတူညီချက်ကို လက်မှတ်ထိုးလိုက်ပြီဖြစ်ကြောင်း မတ် ၂၅ ရက်က ကျန်းမာရေးဝန်ကြီး Salvador Illa က အတည်ပြုပြောကြားခဲ့သည်။

နှာခေါင်းစည်းအခုရေ (၅၅၀) သန်း၊ ကျန်းမာရေးစမ်းသပ်ကိရိယာငယ် (၅.၅) သန်း၊ အသက်ရှူစက် အလုံးပေါင်း (၉၅၀) နှင့် လက်အိတ်အစုံ (၁၁) သန်းတို့ကို ဝယ်ယူသွားမည်ဖြစ်သည်။

စပိန်နိုင်ငံတွင် ယခုသီတင်းပတ်၌ (၂၄) နာရီအတွင်း လူပေါင်း (၇၃၈) ဦးသေဆုံးမှုရှိခဲ့ပြီးနောက် ထိုကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

“စပိန်တစ်နိုင်ငံတည်းအတွက် ပစ္စည်းတွေအကုန်လုံး သီးသန့်ထုတ်လုပ်ပေးဖို့ ကျွန်တော်တို့ မှာထားပြီးပါပြီ၊ ဒီရက်သတ္တပတ်အဆုံးမှာ ပထမအသုတ်အနေနဲ့ ပစ္စည်းတွေရောက်မှာပါ” ဟု   Illa  ကဆိုသည်။

လူဦးရေ (၄၇) သန်းခန့်ရှိသည့် စပိန်နိုင်ငံတွင် မတ်လ ၁၄ ရက်ကတည်းက တစ်နိုင်ငံလုံး Lockdown ချမှတ်ခံထားရပြီး COVID-19 ကြောင့် သေဆုံးသူဦးရေမှာလည်း ဆက်လက်မြင့်တက်လျက်ရှိသည်။  မတ်လ ၂၉ ရက်အထိ လူပေါင်း (၇၃ ၀၀၀) ကျော် ကူးစက်ခံထားရကာ (၅၉၈၂) ဦးသေဆုံးပြီး  အီတလီပြီးလျှင် သေဆုံးမှုအများဆုံး နိုင်ငံဖြစ်သည်။

ကျန်းမာရေးဝန်ထမ်း (၅၄၀၀) ထက်မနည်း ဗိုင်းရပ်စ်ကူးစက်ခံထားရပြီး စုစုပေါင်း ကျန်းမာရေးဝန်ထမ်းအရေအတွက်၏ (၁၂) ရာခိုင်နှုန်းခန့်ရှိသည်။ 

ကူးစက်ခံရသူဦးရေများပြားလာသည့်အတွက် ဆေးရုံများ၌ ဆေးဘက်သုံးပစ္စည်းနှင့်ကိရိယာများ ရှားပါးပြတ်လပ်လုနီးပါးကြုံတွေ့နေကြရသည့်အတွက် ဒေသဆိုင်ရာအာဏာပိုင်များနှင့် အဖွဲ့အစည်းများက ဝန်ကြီးချုပ် Pedro Sanchez ဦးဆောင်သောအစိုးရကို များစွာ ပြစ်တင်ဝေဖန်နေကြသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်က ဝန်ကြီးချုပ် Sanchez နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင် တို့ ဆွေးနွေးပြောဆိုပြီးနောက် အဆိုပါစာချုပ်အား အတည်ပြုလက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly