AA ကို လက်ခံထားပါက KIA နယ်မြေ တိုက်ခိုက်ခံရနိုင်သည်ဟု တပ်မတော် သတိပေး

AA ကို လက်ခံထားပါက KIA နယ်မြေ တိုက်ခိုက်ခံရနိုင်သည်ဟု တပ်မတော် သတိပေး
၂၀၁၆ ခုနှစ်၊ ဇူလိုင်လက မိုင်ဂျာယန်မှာ တိုင်းရင်းသား ညီလာခံသို့တက်လာသည့် ဗိုလ်ချုပ် ထွန်းမြတ်နိုင်နှင့် ကိုယ်စားလှယ်အဖွဲ့(ပုံ-ချစ်မင်းထွန်း)

ရန်ကုန်၊ မတ်လ ၂၉

ရခိုင့်တပ်ဖွဲ့(AA)ကို အကြမ်းဖက်အဖွဲ့အဖြစ် အစိုးရက ကြေညာထားသည့်အတွက် AA ရှိသော ကချင်လွတ် မြောက်ရေးအဖွဲ့(KIO/KIA) နယ်မြေ တိုက်ခိုက်ခံရနိုင်သည်ဟု တပ်မတော်ဘက်က သတိပေးလာကြောင်း ကချင်ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့(PCG)မှ ဦးလမိုင်ဂွန်ဂျာက မဇ္စျိမသို့ ပြောသည်။

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်တေဇကျော်သည် မတ်လ ၂၃ ရက်တွင် အစိုးရမှ AA အဖွဲ့အား အကြမ်းဖက်အုပ်စုနှင့်မတရားအသင်းအဖြစ် ကြေညာခဲ့ပြီးနောက် PCG မှ တာဝန်ရှိသူများနှင့် မတ်လ ၂၄ ရက်က တစ်ကြိမ်၊ ၂၉ ရက်တွင် တစ်ကြိမ်တွေ့ဆုံကာ AA ကို လက်ခံထားပါက KIA နယ်မြေမှာ တိုက်ခိုက်မှု များ ဖြစ်လာနိုင်သည်ဟု ပြောခဲ့ကြောင်း PCG ဘက်မှ ပြောသည်။

PCG မှ ဦးလမိုင်ဂွန်ဂျာက “AA ကို အကြမ်းဖက်ဆိုပြီး ကြေညာပြီးပြီ ဖြစ်တဲ့အတွက် AA နဲ့ ပတ်သက်ပြီးတော့မှ AA ကို လက်ခံထားတဲ့ ဘယ်အဖွဲ့အစည်းမဆို အားလုံးကတော့ အကြမ်းဖက်ကို အားပေးတာ သက်ရောက် တယ်။ ဒါကြောင့်မို့ AA ကို မထားဖို့အတွက် အစိုးရဘက်က၊ တပ်မတော်ဘက်က ပြောလာတာရှိတယ်” ဟု ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီကတော့ AA သည် အကြမ်းဖက်အဖွဲဲ့ ဖြစ်သည့်အတွက် AA ဖြင့် ပတ်သက်နေပါက အကြမ်းဖက်ဥပဒေနှင့် မညီညွတ်ဟု  သတိပေးခြင်း ဖြစ်လိမ့်မည်ဟု ဆိုသည်။

ဗိုလ်ချုပ်ထွန်းထွန်းညီက “အဓိကတော့ AA က အကြမ်းဖက်အဖွဲ့လည်း ဖြစ်တယ်၊ မတရားအသင်းလည်း ဖြစ်တယ်ဆိုတော့ ဥပဒေ အတိုင်း ဆောင်ရွက်ရမှာ ဖြစ်တော့ ဒါမျိုး သတိပေးတာလည်း ဖြစ်ကောင်း ဖြစ်ပါ လိမ့်မယ်” ဟု ပြောသည်။

AA ကို KIA နယ်မြေထဲမှာ ဆက်လက် ထားရှိပါက တိုက်ခိုက်မှုများ ပြုလုပ်သွားရန်ရှိပါသလားဟု မဇ္စျိမက မေးမြန်းရာမှာတော့ ဥပဒေကို လိုက်နာဆောင်ရွက်သည့်အပေါ် မူတည်သည်ဟု ၎င်းက ပြောသည်။
ဗိုလ်ချုပ်ထွန်းထွန်းညီက “သူတို့ လိုက်နာ ဆောင်ရွက်တဲ့ အပေါ်မှာ မူတည်တာပေါ့၊ သူတို့ ဥပဒေကို လိုက်နာ ဆောင်ရွက်တယ်ဆိုရင် ဥပဒေအတိုင်းဘဲ ဆောင်ရွက်မှာပေါ့။ ဥပဒေကို မလိုက်နာဘူးဆိုရင်လည်း မလိုက်နာ တဲ့အတိုင်း ဆောင်ရွက်မှာပေါ့လေ”ဟု ပြောသည်။

လက်ရှိတွင် AA သည် KIA ထိန်းချုပ်နယ်မြေလည်းဖြစ် KIA ၏ ဗဟိုဌာနချုပ်တည်ရှိရာ ကချင်ပြည်နယ်၊ လိုင်ဇာမြို ့မှ တစ်နေရာ၌ AA ဌာနချုပ်အဖြစ် တည်ဆောက်ထားပြီး ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်အတွင်းမှာ လှုပ်ရှားနေသော AA တပ်ဖွဲ့ဝင်များကို ထိန်းကြောင်းလျက်ရှိကြောင်း သိရသည်။

ကချင်ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့(PCG)မှ ဦးလမိုင်ဂွန်ဂျာကတော့ AA သည် “ဝ”ပြည်သွေးစည်း ညီညွတ်ရေးပါတီ(UWSP/UWSA)၏ ဗဟိုဌာနချုပ် တည်ရှိရာ ရှမ်းပြည်နယ်အတွင်းက ပန်ခမ်း(ပန်ဆန်း)မြို ့မှာ ဌာနချုပ်အဖြစ် ထားနေကြောင်း ဆိုသည်။

AA သည် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှို်င်းရေးကော်မတီ(FPNCC)အဖွဲ့ဝင် ဖြစ်သည့်အတွက် ချက်ချင်း ထွက်သွားရန် KIA အနေဖြင့် ပြော၍ မရကြောင်း၊ တွေ့ဆုံ ဆွေးနွေးပြီးမှသာ မည်သို့ လုပ်ဆောင်မည်ကို သိရ မည် ဖြစ်ကြောင်း ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့(PCG)မှ ဦးလမိုင်ဂွန်ဂျာက ပြောသည်။

၎င်းကိစ္စနှင့် ပတ်သက်၍ KIO ဘက်ကလည်း မြောက်ပိုင်း မဟာမိတ်လေးဖွဲ့အနေဖြင့် ပဏာမ အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ်(Bilateral) ထိုးနိုင်ရေး ကြိုးစားနေသော်လည်း ကမ္ဘာ့ကပ်ဆိုးကြီးကြောင့် ဆွေး နွေးပွဲများ ရပ်ဆိုင်းထားရခြင်း ဖြစ်ပြီး လက်မှတ်မထိုးလိုခြင်းကြောင့်မဟုတ်ကြောင်း၊ ထိုသို့ ဆွေးနွေးပွဲများ ရပ် နားထားချိန်တွင် AA ကို အကြမ်းဖက်အဖွဲ့ဟု ကြေညာလိုက်ခြင်းက ပြဿနာအား အဖြေရှာသော နည်းလမ်း မဟုတ်ကြောင်း တုံ့ပြန်ထားကြောင်း PCG မှ ပြောသည်။

၂၀၁၆ ခုနှစ်၊ ဇူလိုင်လက မိုင်ဂျာယန်မှာ တွေ့ရသည့် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ ဗိုလ်မှူးကြီး ကျော်ဟန်( ပုံ- ချစ်မင်းထွန်း)

“KIO ဖက်ကလည်း သူတို့ ပြန်ပြောထားရှိပါတယ်၊ မြောက်ပိုင်းမဟာမိတ်လေးဖွဲဲ့ Bilateral ထိုးဖို့အတွက် ကြိုး စားနေတဲ့ အချိန်ပေါ့လေ၊ တွေ့ဆုံဆွေးနွေးတဲ့  နောက်ဆုံးအချိန်မှာ ဒီတစ်ခါ အလွတ်ပြန်တွေ့ပြီး လက်မှတ် ထိုး နိုင်အောင် ဆွေးနွေးထားတာတော့ ရှိတယ်။ ဒါပေမဲ့ ခုလောလောဆယ် ကမ္ဘာ့ကပ်ဆိုးကြီးကြောင့် တရုတ်ပြည် ကို သွားဖို့က အခက်အခဲရှိတာကြောင့် မြို့တွင်းမှာဆိုလည်း အဆင်မပြေ အဲတာကို စောင့်ဆိုင်းနေတဲ့ အချိန် ကာလမှာ ဖြစ်တာပေါ့လေ။ တိုက်ပွဲကလည်း AA တောက်လျောက် ပြန်ဖြစ်နေတဲ့ အချိန်မှာ အစိုးရဖက် ကနေ ပြီးတော့ အကြမ်းဖက်ဆိုပြီးတော့  ကြေညာလိုက်တာပေါ့။ ဘာပဲဖြစ်ဖြစ် တွေ့ဆုံ ဆွေးနွေးပြီး အဖြေရှာ သွား တာ အကောင်းဆုံးဘဲ ဆိုပြီးတော့ KIO ဖက်ကရော  AA ဖက်ကရော ထုတ်ပြန်ထားတာ တွေ့ရတယ်” ဟု ဆို သည်။

အကယ်၍ တိုက်ခိုက်မှုများ တပ်မတော်ဘက်က လုပ်လာပါက KIA ကို တိုက်မှာ မဟုတ်ဘဲ AA ကိုသာ တိုက်မည် ဖြစ်ကြောင်း၊ သို့သော် AA ရှိနေသည့် နေရာတွင် တိုက်မည်ဖြစ်၍ လိုင်ဇာကို တိုက်နေသည်ဟု သတင်း ထွက်လာမည် စိုးရိမ်သောကြောင့် AA အား ဖယ်ရှားပေးရန် ပြောလာခြင်း ဖြစ်သည်ဟု PCG မှ ဦးလမိုင်ဂွန်ဂျာက ပြောသည်။

တပ်မတော်နှင့် နီးစပ်သူ တစ်ဦးက “ AA ကို ဖယ်ခိုင်းဖို့ မြစ်ကြီးနားမှာ ခေါ်ပြောတာကတော့ မှန်ပါတယ်၊ တကယ်လို့ AA ကို တိုက်မယ်ဆိုရင် လိုင်ဇာက လူထုကို ထိနိုင်တယ်။ ဒါကြောင့် AA ကို လိုင်ဇာက ထွက်ခိုင်း တဲ့သဘောမျိုးလို့ သိရပါတယ်”ဟု မဇ္စျိမသို့ ပြောသည်။

AA ကို အစိုးရက အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၆ ၊ ပုဒ်မခွဲ(င)နှင့် ပုဒ်မ ၇၂ ၊ ပုဒ်မခွဲ(ခ)ပါ လုပ်ပိုင် ခွင့်ကို ကျင့်သုံး၍ အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ကြောင်းနှင့် မတရားအသင်းအက်ဥပဒေ ပုဒ်မ ၁၅ အရ လည်း မတရားအသင်းအဖြစ် သတ်မှတ်ကြောင်း ၂၀၂၀ ခုနှစ်၊မတ်လ ၂၃ ရက်က ကြေညာခဲ့သည်။

အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၄၉ ၊ ပုဒ်မခွဲ(က)ပါ ပုဒ်မ ၃ ၊ ပုဒ်မခွဲ(ခ)၊ ပုဒ်မခွဲငယ်(၁၁)နှင့် ပုဒ်မခွဲငယ် (၁၂) တို့တွင် ပါရှိသော အကြမ်းဖက်မှုတစ်ခုခုကို ကျူးလွန်ပါက မည်သူမဆို အနည်းဆုံးထောင်ဒဏ် ၁၀ နှစ်မှ အများဆုံး တစ်သက်အထိဖြစ်စေ၊ သေဒဏ်ဖြစ်စေချမှတ်ရမည်ဟု ပြဋ္ဌာန်းထားသည်။

၂၀၁၆ ခုနှစ်၊ ဇူလိုင်လက မိုင်ဂျာယန်မှာ တိုင်းရင်းသား ညီလာခံမှာတွေ့ရသည့် ကချင်တိုင်းရင်းသားများ(ပုံ-ချစ်မင်းထွန်း)

ပုဒ်မ ၃ (က)၊ ပုဒ်မခွဲ(ခ)၊ ပုဒ်မခွဲငယ် (၁၂)တွင် အကြမ်းဖက်သမားကိုဖြစ်စေ၊ အကြမ်းဖက်အုပ်စုတစ်ခုခု၏ အဖွဲ့ဝင် ကို ဖြစ်စေ လက်နက်နှင့်ခဲယမ်း မီးကျောက်များ၊ ဇီဝ၊ ဓာတုနှင့် နျူကလီးယား လက်နက်များ၊ ပေါက်ကွဲ စေတတ်သော လက်နက်ပစ္စည်းများ သို့မဟုတ် နျူကလီးယားဒြပ်ပစ္စည်းများကို ထုတ်လုပ်ပေးရန်၊ လွှဲပြောင်း ပေးပို့ရန်၊ လက်ခံ ထိန်းသိမ်းပေးရန်၊  ထောက်ပံ့ရန် သို့မဟုတ် ထောက်ပံ့ရန် ကမ်းလှမ်းသည့် ပြုလုပ်မှုများဟု ပြဋ္ဌာန်းပါရှိသည်။

ထို့နောက် ပုဒ်မ ၃ (က)၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ် (၁၆) မှ ပုဒ်မခွဲငယ် (၁၈) အထိ ပါရှိသော ပြုလုပ်မှုများကို တစ်ခုခု ကျူးလွန်ပါက မည်သူမဆို အနည်းဆုံး ထောင်ဒဏ် သုံးနှစ်မှ အများဆုံး ထောင်ဒဏ် ခုနစ်နှစ်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းပါရှိသည်။

ပုဒ်မ ၃(က)၊ အပိုဒ်ခွဲ(ခ)၊ ပုဒ်မခွဲငယ်(၁၇)တွင် အကြမ်းဖက်သမားကို ဖြစ်စေ၊ အကြမ်းဖက်အုပ်စု တစ်ခုခု၏ အဖွဲ့ဝင်ကို ဖြစ်စေ ဖမ်းဆီး၍ အရေးယူခြင်း မပြုနိုင်စေရန် သို့မဟုတ် လွတ်မြောက်စေရန်အလို့ငှာ ထိမ်ချန်ခြင်း သို့မဟုတ် သိလျက်နှင့် ခိုလှုံခွင့်ပေးခြင်း၊ ပုန်းအောင်းခွင့်ပေးခြင်း၊ ယာယီတည်းခိုနေထိုင်ခွင့်ပေးခြင်း သို့မဟုတ်  ဝှက်ထား ခြင်း ပြုလုပ်မှုများဟု ပြဋ္ဌာန်းထားသည်။

အလားတူ ပုဒ်မခွဲငယ်(၁၈)၌ အကြမ်းဖက်သမားကိုဖြစ်စေ၊ အကြမ်းဖက်အုပ်စု တစ်ခုခု၏ အဖွဲ့ဝင်ကို ဖြစ်စေ အဆောက်အအုံနှင့် နေရာတစ်ခုခုကို အသုံးပြုခွင့်၊ စုဝေးခွင့်၊ အစည်း အဝေးပြု လုပ်ခွင့် ပေးရန်၊ အကြမ်းဖက်မှု ဆိုင်ရာ လေ့ကျင့်သင်တန်းပေးရန် သို့မဟုတ် သယ်ယူပို့ဆောင်ရေး စီစဉ်ဆောင်ရွက် ပေးရန် ပြုလုပ်မှုများဟု ပြဋ္ဌာန်းထားသည်။

လက်ရှိတွင် AA သည် “ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP/UWSA)၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်ဖွဲ့(NDAA- မိုင်းလားအဖွဲ့)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)၊ ပလောင်(တအန်း) ပြည်နယ် လွတ်မြောက်ရေးတပ်ဦး(PSLF/TNLA)၊ မြန်မာနိုင်ငံအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်ဖွဲ့(MNDAA)၊ KIO/KIA တို့ ပါဝင်သည့် FPNCC အဖွဲ့ဝင်ဖြစ်သည်။

အလားတူ KIA၊ TNLA၊ MNDAA၊ AA တို့သည် စစ်ရေး၊ နိုင်ငံရေး မဟာမိတ်အဖြစ် မြောက်ပိုင်း မဟာမိတ် အဖွဲ့ဟုဆိုကာ စုစည်းထားမှုများလည်း ရှိကြောင်း သိရသည်။

လက်ရှိတွင်လည်း တပ်မတော်နှင့် AA ကြား ရခိုင်ပြည်နယ် အပါအဝင် ချင်းပြည်နယ်၊ ပလက်ဝမြို ့နယ်အတွင်း မှာ ၂၀၁၈ ခုနှစ်၊နိုဝင်ဘာလမှ ယနေ့ (၂၀၂၀ ခုနှစ်၊မတ်လ)အထိ တိုက်ပွဲများ ဖြစ်ပွားနေသည်။

တဖက်မှာလည်း KIA၊ TNLA၊ MNDAA၊ AA နှင့် အစိုးရကြား Bilateral ထိုးနိုင်ရေး ညှိနှိုင်းမှုများ ရှိနေကြောင်း၊ ထိုဆွေးနွေးပွဲများကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက တရုတ်နိုင်ငံ၊ ကူမင်းမြို ့တွင် တစ်ကြိမ်၊ ၂၀၁၉ ခုနှစ်အတွင်းမှာမူ ပြည်တွင်း၌ လေးကြိမ်ထက် မနည်း ပြုလုပ်ထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required