ပါတီတံဆိပ်များဖြင့် Mask နှင့် လက်သန့်ဆေးရည် လုပ်ခြင်း မဲဆွယ်ခြင်း မဟုတ်ဟုဆို

ပါတီတံဆိပ်များဖြင့် Mask နှင့် လက်သန့်ဆေးရည် လုပ်ခြင်း မဲဆွယ်ခြင်း မဟုတ်ဟုဆို
ဗဟန်းမြို ့နယ်က COVID-19 ရောဂါပိုးတွေ့သူ နေအိမ်ရှေ ့မှာ တွေ့ရသည့် NLD ပါတီတံဆိပ်ပါ Mask တပ်ထားသူ (ပုံ- UTM)

ရန်ကုန်၊မတ်လ ၂၉။                  ။ လတ်တလော COVID-19 ဂယက်ကြောင့် ပြည်သူများအပေါ် နှာခေါင်းစည်း Mask နှင့် လက်သန့်ဆေးရည်များ ပြုလုပ် ကာ ကူညီပေးရာမှာ ပါတီတံဆိပ်များပါရှိခြင်းက လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် မဲဆွယ်ခြင်း မဟုတ် ကြောင်း အင်အားကြီး နိုင်ငံရေးပါတီ နှစ်ပါတီဖြစ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှ တာဝန်ရှိ သူများက ပြောသည်။

လက်ရှိတွင် လူမှုကွန်ယက် စာမျက်နှာများပေါ်တွင် ပါတီတံဆိပ်များ ပါဝင်သော Mask နှင့် လက်သန့်ဆေးရည်များ ထုတ်လုပ်ကာ COVID-19 ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် ပြည်သူလူထုကို ကူညီပေးမှုများ ပြုလုပ် နေမှုများ ပျံ ့နှံ့ လျက်ရှိနေသည်။

USDP ပါတီ အနေဖြင့် COVID-19 နှင့်ပတ်သက်ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များကို ပြည်သူ များသိရှိအောင် လက်ကမ်းစာစောင်များ အပါအဝင် လက်သန့်ဆေးရည်များကို ပါတီကိုယ်စားပြု ဝေသည့်အတွက်ကြောင့် ပါတီတံဆိပ် အသုံးပြုရခြင်းဖြစ်ကြောင်း USDP ပါတီမှ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာနန္ဒာလှမြင့်က ပြောသည်။

"မဲဆွယ်ဖို့ဆိုပြီး ရည်ရွယ်တာမျိုး မဟုတ်ပါဘူး၊ ကျွန်တော်တို့က ဒီအချိန်မှာ ရွေးကောက်ပွဲကိစ္စကို ဦးနှောက်ထဲမှာတောင် မရှိဘူး။ လက်ရှိအချိန်ဟာ ကျွန်တော်တို့နိုင်ငံသားတွေရဲ့ အသက်အန္တရာယ်အတွက် စိုးရိမ်ရတဲ့ အချိန် မှာ ပြည်သူတွေ အတွက် ဘယ်လို ကူရမလဲဆိုတာပဲ ဦးနှောက်ထဲမှာပဲရှိတယ်"ဟု ၎င်းက ပြောသည်။

NLD ပါတီ အနေဖြင့် နှာခေါင်းစည်း Mask များတွင် ပါတီတံဆိပ် တပ်ခြင်းနှင့် ပတ်သက်ပြီး သိရှိခဲ့ခြင်း မရှိသလို အခုလို လုပ်ဆောင်နေမှုများကိုလည်း မလုပ်ဆောင်ရန် ညွှန်ကြားထားသည်ဟု NLD ပါတီမှ မုံရွာအောင်ရှင်က ပြောသည်။

"မဲဆွယ်တာတော့ လုံးဝ မဟုတ်ပါဘူး။ ကျွန်တော်တို့ ဒီမျက်နှာဖုံးတွေမှာ Logo တွေသုံးဖို့ ဘယ်သူကမှ မညွှန်ကြားပါဘူး။ ဒါကလည်း ရွေးကောက်ပွဲနဲ့ မဆိုင်ပါဘူး။ ကျွန်တော် ထင်တာကတော့ ဒေသ သေးသေးလေး တစ်ခုကနေ ပါတီက လုပ်ပေး တယ်ဆိုတာ သိစေချင်လို့ လုပ်လိုက်တာပါ"ဟု ၎င်းက ပြောသည်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးကတော့ ပါတီတံဆိပ်များကို အသုံးပြုပြီး လူထုကူညီရေးဆိုပြီး Mask နှင့် လက်သန့်ဆေးရည်များ ကူညီပေးနေခြင်းက မလုပ်သင့်ဘူးဟု ဆိုသည်။

"မဲဆွယ်တယ်ဆိုလည်း လူတွေစိတ်ထဲမှာ အခု လေ့လာကြည့် သလောက်က အဲ့လိုဟာနဲ့ပတ်သက်ပြီး ဒီလိုလုပ်တဲ့ပါတီကို ထောက်ခံတဲ့ သူတွေကတောင် စိတ်ပျက်နေကြတာ ဘယ်ပါတီပဲ ဖြစ်ဖြစ်ပေါ့နော်။ အဲ့တော့ ဒီကိစ္စကြီးက မလုပ်သင့်ဘူးလို့ ထင်တယ်"ဟု ၎င်းက ပြောသည်။ 

ပြည်သူလူထု တစ်ဦးဖြစ်သူ မသိန္နီဦးက COVID-19 ရောဂါ ကာကွယ်ရေး ကူညီပေးမှုများကို ကျေးဇူးတင်ကြောင်း၊ သို့ သော် တစ်စုံတစ်ခုအရ အမြတ်ထုတ်မှုမျိုးဆိုပါက ကျင့်ဝတ်ဖြင့် မကိုက်ညီဘူးဟု မြင်ကြောင်း ပြောသည်။

"ဒီကူးစက်ရောဂါ ကပ်ဘေးဖြစ်တဲ့ အချိန်မှာ လူတစ်ဦးချင်း၊ အဖွဲ့အစည်းတွေက ထိခိုက်မှု နည်းအောင် ဝိုင်းဝန်း ကူညီမှု‌ တွေ ပြုလုပ်ကြတာရှိတယ်။ အဲ့ဒီအပေါ်မှာတော့ ကျေးဇူးတင်ရပါတယ်။ ဒါပေမယ့် ဒီဘေးအန္တရာယ် ထိခိုက်နစ်နာ မှုဖြစ်တဲ့ အချိန်မှာ စီးပွား‌ရေးအရ သော်လည်းကောင်း၊ လူမှုရေးအရ သော်လည်းကောင်း၊ ဘာသာရေးအရ သော်လည်းကောင်း၊ အမြတ်ထုတ်ခြင်း မပြုလုပ်ရဘူး။ ဒါဟာ ကျင့်ဝတ်ဆိုင်ရာ လိုက်နာရမယ့် စည်းကမ်းတစ်ခုပါ။ ဒါကို ICRC ရဲ့ ဘေး အန္တရာယ် ကာကွယ်ရေး ကျင့်ဝတ်ဆိုင်ရာမှာ ဖော်ပြထားတယ်"ဟု ၎င်းက ပြောသည်။

ကမ္ဘာ့ကူးစက်မြန်ရောဂါ ဖြစ်သော COVID-19 ရောဂါသည် မြန်မာနိုင်ငံတွင် လူ ၈ ဦး၌ ထိုရောဂါ ဖြစ်ပွားနေပြီး စောင့် ကြည့်နှင့် သံသယလူနာအဖြစ် စုစုပေါင်း ၂၀၀ ကျော်ရှိကြောင်း သိရသည်။

ထို့ကြောင့် COVID-19 ရောဂါ ကူးစက်မှု မခံရအောင် USDP နှင့် NLD ပါတီက ပြည်သူလူထုအား နှာခေါင်းစည်း Mask အပါအဝင် လက်သန့်ဆေးရည်များ လှူဒါန်းလျက်ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required