မင်္ဂလာဆောင် လူစုလူဝေးလုပ်သည်ဟုဆိုကာ အမေရိကန်က ပြန်လာသူကို တရားစွဲ

မင်္ဂလာဆောင် လူစုလူဝေးလုပ်သည်ဟုဆိုကာ အမေရိကန်က ပြန်လာသူကို တရားစွဲ
တမူးမြို႔ရဲစခန်း

ရန်ကုန်၊ မတ် ၂၉

ကျန်းမာရေးဌာနနှင့် အုပ်ချုပ်ရေးပိုင်းမှ တားမြစ်ခဲ့သည့်ကြားမှ လူစုလူဝေးဖြစ်စေမည့် မင်္ဂလာဆောင် ကျင်းပခဲ့သည်ဟု ဆိုကာ အမေရိကန်နိုင်ငံမှ ပြန်လာသူ မြန်မာနိုင်ငံသားတစ်ဦးကို တမူးမြို့တွင် တရားစွဲဆို လိုက်ကြောင်း သိရသည်။

ထိုသူမှာ တမူးမြို့၊ ခွန်မွန်းနွံကျေးရွာအုပ်စုတွင် နေထိုင်သူဖြစ်ကာ အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံသို့ မတ်လ ၁၇ ရက်က ပြန်ရောက်ရှိခဲ့ပြီးနောက် မတ်လ ၂၁ ရက်၌ ၎င်းနေထိုင်ရာ ခွန်မွန်းနွံကျေးရွာသို့ ပြန်လည်ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

ထို့နောက် မတ်လ ၂၈ ရက်တွင် ၎င်းနေအိမ်တွင် လူစုလူဝေးဖြစ်စေမည့် မင်္ဂလာဆောင်ကျင်းပခဲ့သည့်အတွက် တရားစွဲ ဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

တမူးမြို့အုပ်ချုပ်ရေးတာဝန်ရှိသူတစ်ဦးက “ ကျွန်တော်တို့က ဒီအချိန် လူစုလူဝေး မလုပ်ပါနဲ့ အကျဉ်းချုံးပဲ လုပ်ပါဆိုပြီး ညွှန်ကြားထားတာ။ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရော၊ ခရိုင်ကျန်းမာရေးတွေရော အဲ့တာကို မလိုက်နာဘဲ မနေ့က မင်္ဂလာဆောင် လုပ်လိုက်တယ်။ လုပ်တဲ့အတွက် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေနဲ့ တရားစွဲတာပါ” ဟု မဇ္စျိမသို့ ပြောသည်။

ကမ္ဘာ့ကူးစက်မြန် ဗိုင်းရပ် COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရေး လူစုလူဝေးများကို အတက်နိုင်ဆုံး ရှောင်ကြဉ်ရန် နှင့် မပြုလုပ်ကြရန် အစိုးရက တိုက်တွန်းထားသည်။ ထိုတိုက်တွန်းမှုကို မလိုက်နာခြင်းကြောင့်

သဘာဝ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေဖြင့် တရားစွဲဆိုရခြင်း ဖြစ်ကြောင်း သိရသည်။

သို့သော် တရားစွဲဆိုခွင့်အထိ ပြုလုပ်၍ ရ/မရနှင့် ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာ ခင်ခင်ကြီးသို့ မေးမြန်းရာ ၎င်းအနေဖြင့် အတိအကျ မသိရသေးသော်လည်း လူစုလူဝေး ပြုလုပ်မည်ဆိုပါက တရားစွဲဆို၍ ရကြောင်း ပြောသည်။

ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာခင်ခင်ကြီးက“ ကျန်းမာရေးအရ ရောဂါပိုး မပျံ့ပွားစေရေး ထိန်းချုပ်ဖို့ တာဝန်ပေးအပ်ခြင်း ခံရသူက စည်းကမ်း ဖောက်တဲ့သူကို အရေး ယူခွင့် ရှိတယ်”ဟု ပြောသည်။ 

လက်ရှိတွင် လူစုလူဝေးဖြစ်စေသော မင်္ဂလာဆောင် အခမ်းအနား ကျင်းပခဲ့သည့် အမျိုးသားကို တမူးမြို့ရဲစခန်းတွင် ပ ၄၇/ ၂၀၂၀ ဖြင့် အမှုဖွင့်ထားပြီး ၂၀၁၃ ခုနှစ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၃၀ (က) အရ အရေးယူ ထားကြောင်း သိရသည်။

ထိုဥပဒေထဲတွင် “ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု တစ်ရပ်ရပ်ကို ဆောင်ရွက်ရန် ဤဥပဒေအရ တာဝန်ပေး အပ်ခြင်း ခံရသည့် ဌာန၊ အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်၏ ညွှန်ကြားချက် တစ်ရပ်ရပ်ကို လိုက်နာရန် တမင် ပျက်ကွက်ခြင်း သည် ထိုဥပဒေ အခန်း(၈)၊ ပုဒ်မ (၃၀)(က)အရ တစ်နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ် ဖြစ်စေ၊ ဒဏ် နှစ်ရပ် လုံးဖြစ်စေ ချမှတ် ခံရမည်ဖြစ်ပါသည်” ဟု ပြဋ္ဌာန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required