ဘရာဇီးတွင် လူဆိုးဂိုဏ်းများက ၎င်းတို့ပိုင်နက်များအတွင်း ညမထွက်ရအမိန့်ထုတ်

ဘရာဇီးတွင် လူဆိုးဂိုဏ်းများက ၎င်းတို့ပိုင်နက်များအတွင်း ညမထွက်ရအမိန့်ထုတ်

မတ် ၂၉

ဘရာဇီးနိုင်ငံတွင် သမ္မတ ဂျိုင်ယာဘိုဆိုနာရိုက လက်ရှိ COVID-19 ကပ်ရောဂါကို တုပ်ကွေးသာသာရောဂါဟု အလေးမထားပြောဆိုနေသော်လည်း ရီယိုဒီဂျနေးရိုးရှိ လူဆိုးဂိုဏ်းများက ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုကိုတားဆီးရန် ၎င်းတို့ပိုင်နက် ဆင်းရဲသားရပ်ကွက်များ၌  ညမထွက်ကြရန် တိုက်တွန်းနှိုးဆော်လိုက်သည်။ 

ည ၈ နာရီနောက်ပိုင်းအပြင်မထွက်ရအမိန့်ကို လေးစားလိုက်နာရန် ပြည်သူများကို ဆုံးမသွန်သင်သွားမည် ဆိုသည့် ခြိမ်းခြောက်စာများသည် ၎င်းတို့ကြီးစိုးရာ နယ်ပယ်အတွင်း ဖြန့်ဝေထားသည်ဟု ဘရာဇီးမီဒီယာတစ်ခုတွင် ဖော်ပြထားသည်။

အစိုးရက ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကို ကိုင်တွယ်ဖြေရှင်းရန် မစွမ်းဆောင်နိုင်ပါက ၎င်းတို့အဖွဲ့များမှ ဖြေရှင်းပေးသွားမည်ဟု ဆိုသည်။

ဘရာဇီးတွင် လူ (၄၀၀၀) နီးပါး ဗိုင်းရပ်စ်ကူးစက်ခံထားရကာ (၁၁၁) ဦးသေဆုံးထားပြီး  လာမည့် (၁၅) ရက်အတွင်း နိုင်ငံ့ကျန်းမာရေးစနစ် ယိုယွင်းပြိုလဲသွားနိုင်သည်ဟု အုပ်ချုပ်ရေးမှူး Wilson Wtzel က ဆိုသည်။

လူဆိုးဂိုဏ်းများနှင့်ပြည်သူ့စစ်အဖွဲ့များက ညမထွက်ရအမိန့်များထုတ်ပြန်ထားသလို အကပါတီပွဲများ ဖျက်သိမ်းထားပြီး မူးယစ်ဆေးရောင်းသည့် လဟာပြင်ဈေးများကိုလည်း ပိတ်ထားသည်။

“City of God” ဟုခေါ်ကြသည့် အဆိုပါဆင်းရဲသားရပ်ကွက်များတွင် လူဆိုးဂိုဏ်းအဖွဲ့ဝင်များက ကားများဖြင့်လှည့်လည်ကာ ရပ်ကွက်သူရပ်ကွက်သားများအား ခရာသံပြု၍ တပ်လှန့်ဆော်ဩနေကြသည်ဟု ရီယိုအခြေစိုက် Extra သတင်းစာတွင် ဖော်ပြထားသည်။

ဘရာဇီးတွင် ဥရောပပြန် လူကုံထံများ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရသဖြင့် ပြည်သူများက COVID-19 အား သူဋ္ဌေးရောဂါ ဟု အမည်ပေးထားကြသည်။

“လူချမ်းသာတွေက ဗိုင်းရပ်စ်ကို လေယာဉ်စီးပြီး သယ်ဆောင်လာကြတာ၊ ဒါပေမယ့် ဆင်းရဲသားတွေက ဒီရောဂါကို ခံစားရလိမ့်မယ်ဗျ” ဟု ပြည်သူ့ကျန်းမာရေးသုတေသနစင်တာမှ နိုင်ငံတကာဆက်ဆံရေးဒါရိုက်တာ Paulo Buss ကပြောသည်။

“နိုင်ငံရဲ့ ရေဆိုးနုတ်စနစ်ကလည်း အခြေအနေတော်တော်ဆိုးပါတယ်၊ တစ်ခါတလေ လက်ဆေးဖို့တောင် ရေအလုံအလောက်မရှိဘူး၊ ကပ်ရောဂါအတွက် စိတ်ပူရတယ်” ဟု City of God တွင်နေထိုင်သူတစ်ဦးကပြောသည်။

“လူဦးရေသိပ်သည်းပြီး ကြိုတင်ပြင်ဆင်မှုအားနည်းတဲ့ နေရာတွေကို ကိုရိုနာဗိုင်းရပ်စ်ဝင်ရောက်လာမယ်ဆိုရင် အကြီးအကျယ် ဒုက္ခရောက်နိုင်တယ်ဗျ၊ ရေ ဆပ်ပြာနဲ့ ဆပ်ပြာမှုန့် မရှိတဲ့နေရာဆို ရောဂါပြန့်ပွားမှုကို ထိန်းချုပ်ဖို့ ခက်လိမ့်မယ်” ဟု Rio’s Federal University မှ Edmilson Migowski က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly