တောင်အာဖရိကတွင် lockdown ချမှတ်ထားစဉ်ကာလအတွင်း စျေးဝယ်သူများကို ရဲတပ်ဖွဲ့က ရာဘာကျည်များဖြင့် ပစ်ခတ်

တောင်အာဖရိကတွင် lockdown ချမှတ်ထားစဉ်ကာလအတွင်း စျေးဝယ်သူများကို ရဲတပ်ဖွဲ့က ရာဘာကျည်များဖြင့် ပစ်ခတ်
Photo: AFP

မတ် ၂၈ 

တောင်အာဖရိကနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် lockdown ချမှတ်ထားရစဉ် ကာလအတွင်း မတ်လ ၂၈ ရက်က ဂျိုဟန်နက်စ်ဘာ့ဂ်မြို့ရှိ စူပါမားကတ်တစ်ခု၏ ပြင်ပ၌ စျေးဝယ်ရန် တန်းစီစောင့်ဆိုင်းနေခဲ့ကြသော စျေးဝယ်သူ ရာပေါင်းများစွာကို ရဲတပ်ဖွဲ့က ရာဘာကျည်များဖြင့် ပစ်ခတ်ခဲ့ကြောင်း အေအက်ဖ်ပီ ဓာတ်ပုံသတင်းထောက်တစ်ဦးက ပြောသည်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် အာဏာပိုင်များက ထုတ်ပြန်ထားသည့် lockdown စည်းမျဉ်းကို အာဏာတည်စေရန် ရဲတပ်ဖွဲ့က ကြပ်မတ်လုပ်ဆောင်နေချိန် ယခုကဲ့သို့ အရေးယူခဲ့ခြင်း ဖြစ်သည်။

တောင်အာဖရိကနိုင်ငံတဝန်း lockdown ချမှတ်မှု ဒုတိယမြောက်နေ့တွင် စျေးဝယ်သူ ၂၀၀ ကျော်သည် ယင်းနေ့ အစောပိုင်းက Yeoville ဆင်ခြေဖုံးအရပ် ရှိ နာမည်ကျော် စူပါမားကတ်တစ်ခုဖြစ်သည့် Shoprite ပြင်ပတွင် စုရုံးရောက်ရှိနေခဲ့ကြသည်ဟု သိရသည်။

သို့သော် အဆိုပါ စျေးဝယ်သူများသည် နေရာဦးရန် အလုအယက် ကြိုးပမ်းခဲ့ကြပြီး အများစုသည် ဘေးကင်းရေးအတွက် တစ်ဦးနှင့်တစ်ဦးအကြား နေရမည့် သတ်မှတ်အကွာအဝေးအတိုင်း ရှိမနေခဲ့ကြဘဲ နီးနီးကပ်ကပ် ရှိနေခဲ့ကြသည်ဟု သိရသည်။

ယင်းနောက် ကင်းလှည့်ယာဉ် ဆယ်စီးနှင့်အတူ ရဲများ ရောက်လာပြီး အဆိုပါ စျေးဝယ်သူများကို ရာဘာကျည်များဖြင့် စပစ်ခဲ့သည်။

ယင်းသို့ ပစ်ခတ်မှုကြောင့် အလန့်တကြား ဖြစ်သွားသော စျေးဝယ်သူများသည် တစ်ဦးနှင့်တစ်ဦး တွန်းထိုးခဲ့ကြရာ ကလေးတစ်ဦး ကျောပိုးထားသော အမျိုးသမီးတစ်ဦးဆိုလျင် မြေပေါ်သို့ ပုံလဲကျသွားခဲ့သည်ဟု သိရသည်။

ယင်းနောက် စျေးဝယ်သူများကို သီးခြားခွဲနေရေး စည်းမျဉ်းများ လိုက်နာစေရေးအတွက် ရဲများက ကြာပွတ်များ အသုံးပြု လုပ်ဆောင်ခဲ့သည်ဟု သိရသည်။

တောင်အာဖရိကသမ္မတ ဆိုင်ရီလ် ရာမာဖိုဆာသည် ပြည်သူ ၅၇ သန်းကို ရက်ပေါင်း ၂၁ ရက်ကြာ နေအိမ်တွင်သာ နေကြရန် ညွန်ကြားထားပြီး lockdown စည်းမျဉ်း အသက်ဝင်စေရန် ရဲတပ်ဖွဲ့နှင့် စစ်တပ်ကို တပ်ဖြန့်ထားသည်ဟု သိရသည်။

သို့သော် ဆင်းရဲနွမ်းပါးသော ရပ်ကွက်ဧရိယာများတွင် နေထိုင်ကြသူများ အပါအဝင် လူအများအပြားက အဆိုပါ အမိန့်ကို ဖီဆန်ကာ အစားအသောက် ဝယ်ယူရန် လူစု လူသိုက်ဖြင့် အပြင်ထွက်ခြင်းများ ရှိနေခဲ့သည်ဟု သိရသည်။

တောင်အာဖရိကတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ ၁,၁၇၀ ဦး ရှိနေသည်ဟု သိရပြီး မတ်လ ၂၇ ရက်တွင် ယင်းဗိုင်းရပ်စ်ကြောင့် ပထမဆုံး သေဆုံးမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required