သီရိလင်္ကာမှာ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးအတွက် ရဟတ်ယာဉ်တွေနဲ့ နိုင်ငံအနှံ့ ပရိတ်ရေ လိုက်ဖြန်း

သီရိလင်္ကာမှာ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးအတွက် ရဟတ်ယာဉ်တွေနဲ့ နိုင်ငံအနှံ့ ပရိတ်ရေ လိုက်ဖြန်း

မတ်လ  ၂၈။                   ။ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကို ဘာသာတရားနဲ့ တားဆီးကာကွယ်တာအဖြစ် သီရိလင်္ကာနိုင်ငံက အထွဋ်အမြတ်အထားရဆုံး ဗုဒ္ဓဟူးဘာသာ ဘုရားကျောင်းဟာ သောကြာနေ့မှာ နိုင်ငံအနှံ့ ရဟတ် ယာဉ်တွေနဲ့ ပရိတ် လိုက်လံဖြန်းစီးပါတယ်။

အဓိကဘုရားဖူးမြို့ ကန်ဒီမှာ သီတင်းပတ်ကြာ ပရိတ်ဒေသနာတွေ ရွတ်ဖတ်ပူဇော်ပြီး သိဒ္ဓိတင်ထားတဲ့ ပရိတ်ရေကို ရဟတ်ယာဉ်နှစ်စီးနဲ့ လိုက်လံဖြန်းစီးတာ ဖြစ်ပါတယ်။

“ခုလို ပရိတ်ရေ ဖြန်းပြီးရင်တော့ ဗိုင်းရပ်စ် အခြေအနေကို ထိန်းချုပ်နိုင်လိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။”လို့ စွယ်တော်မြတ် စေတီတော်ကို ထိန်းသိမ်းစောင့်ရှောက်တဲ့ တာဝန်ခံချုပ် ပရာဒိနီလန်ဂါဒီလာက အေအက်ဖ်ပီကို ပြောပါတယ်။

သီရိလင်္ကာကျွန်းနိုင်ငံရဲ့ တောင်ပိုင်းနဲ့ မြောက်ပိုင်းမှာ သောကြာနေ့က ရဟတ်ယာဉ်နှစ်စင်းနဲ့ ပရိတ်ရေ လိုက်ဖြန်းတာ ဖြစ်ပြီး လာမယ့် ရက်တွေမှာ နောက်ထပ် ခုလိုပဲ ပရိတ်ရေ လိုက်လံဖြန်းစီးဖို့ စီစဉ်ထားပြီးကြောင်းလည်း ၎င်းက ပြောပါတယ်။

ပရိတ်ရေ လိုက်လံဖြန်းစီးတဲ့ ရဟတ်ယာဉ်တစ်စင်းဟာ နိုင်ငံတွင်း ဗိုင်းရပ်စ် ဝင်ရောက်ရာဖြစ်တဲ့ ကိုလံဘို မြို့တော် မြောက်ဖက်က အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ ပျံတက်ပြီး ပရိတ်ရေ လိုက်လံဖြန်းစီးခဲ့တာ ဖြစ်ပါတယ်။

သီရိလင်္ကာနိုင်ငံတွင်းမှာ လေကြောင်းခရီးစဉ်တွေ လျှော့ချပိတ်ပင်ထားတာကြောင့် အမျိုးသားလေကြောင်းလိုင်းဖြစ်တဲ့ သီရိလင်္ကာလေကြောင်းလိုင်းက လေယာဉ်အားလုံးနီးပါးဟာ မပျံသန်းနိုင်ဘဲ ဆိုက်ကပ်ထားရတာ ဖြစ်ပါတယ်။

နိုင်ငံတွင် ဝင်ရောက်လာတဲ့ လေကြောင်းခရီးသည်တွေကိုလည်း သီရိလင်္ကာနိုင်ငံဟာ တားမြစ်ထားပေမယ့် ပြည်တွင်းရောက် နိုင်ငံခြားသား ခရီးသွားဧည့်သည် ၁၇၀၀၀ ကို ပြန်လည်ခေါ်ယူဖို့အတွက် နိုင်ငံခြားအစိုးရတွေရဲ့ လေယာဉ်တွေကိုတော့ ခွင့်ပြုပေးထားတာ ဖြစ်ပါတယ်။

အကန့်အသတ်မရှိ ကာဖျူးမိန့် ပြဋ္ဌာန်းထားတဲ့ သီရိလင်္ကာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားသူပေါင်း ၁၀၆ ဦး ရှိတယ်လို့ ကြေညာထားပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required