မြန်မာနိုင်ငံရှိ ကုလသမဂ္ဂရုံးဝန်ထမ်းတွင် ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိ

မြန်မာနိုင်ငံရှိ ကုလသမဂ္ဂရုံးဝန်ထမ်းတွင် ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိ
အောက်တိုဘာ၊ ၂၀၁၉ ခုနှစ်က နေပြည်တော်ရှိ ကမ္ဘာ့ကုလသမဂ္ဂရုံးဖွင့်ပွဲ အခမ်းအနား။ ဓာတ်ပုံ- UN

မတ်လ ၂၈။              ။ ကျန်းမာရေးဝန်ကြီးဌာနက စနေနေ့နံနက်က ကြေညာခဲ့သော ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိသူ သုံးဦးအနက် တစ်ဦးမှာ ဆွစ်ဇာလန်နိုင်ငံသူ ကုလသမဂ္ဂရုံးဝန်ထမ်းတစ်ဦးဖြစ်သည်။

အသက် ၅၈ နှစ်အရွယ် ကုလသမဂ္ဂရုံးဝန်ထမ်းသည် ဆွစ်ဇာလန်နိုင်ငံမှ ပြန်လာပြီးနောက် နေပြည်တော်ရှိ The Lake Garden Nay Pyi Taw MGallery တွင် တည်းခိုနေထိုင်ပြီး Self-quarantine လုပ်နေခဲ့ရာ COVID-19 လက္ခဏာများ ပြသလာ၍  နေပြည်တော် ခုတင် (၁,၀၀၀) ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးသို့ ပို့ဆောင်ကုသမှုခံယူစေခဲ့ခြင်းဖြစ်သည်။

" Hotel Quarantine ဆောင်ရွက်စဉ် (၂၂-၃-၂၀၂၀) ရက်နေ့တွင် ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ ဝမ်းသွားခြင်းလက္ခဏာများ ခံစားခဲ့ရသဖြင့်" ဟု ကျန်းမာရေးဝန်ကြီးဌာနက စနေနေ့ နံနက် ၀၀:၁၅ နာရီက ထုတ်ပြန်သော ကြေညာချက်တွင် ပါရှိသည်။

အဆိုပါလူနာသည် ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမှ ထိုင်းနိုင်ငံဘန်ကောက်မြို့မှတဆင့် နေပြည်တော်လေဆိပ်သို့ မတ်လ ၁၈ ရက်နေ့တွင် ဝင်ရောက်ခဲ့ပြီး ဆေးရုံတက်ကုသမှုကို မတ်လ ၂၆ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။

" လူနာသည် ဆွစ်ဇာလန်နိုင်ငံတွင် ရောက်ရှိစဉ် (၁၃-၃-၂၀၂၀) ရက်နေ့၌ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာဖြစ်သော ၎င်း၏ ဖခင်နှင့် နှစ် နာရီကြာ အနီးကပ် ထိတွေ့ခဲ့သည့်ရာဇဝင်ရှိကြောင်း သိရှိရပါသည်။" ဟု ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဆေးရုံတက်ပြီးနောက်တစ်ရက်တွင်ပင် ဓာတ်ခွဲအဖြေရခဲ့ပြီး COVID-19 ရောဂါပိုးတွေ့ရှိခဲ့ကြခြင်းဖြစ်သည်။  

မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂရုံးက ထုတ်ပြန်သောကြေညာချက်တွင် မြန်မာအစိုးရ၏ " အထောက်အပံ့ပေးမှု" အတွက် " ကျေးဇူးတင်ရှိကြောင်း" ဖော်ပြထားသည်။

ဆွစ်ဇာလန်နိုင်ငံသူကို လေဆိပ်မှကြိုသောကားကို မောင်းနှင်သူ ကားသမားနှင့် ဟိုတယ်ဝန်ထမ်း သန့်ရှင်းရေးသမားနှစ်ဦးကို Home quarantine နေအိမ်တွင် စောင့်ကြည့်မှုပြုလုပ်ထားကြောင်း မဇ္ဈိမက စုံစမ်းသိရှိရသည်။

အခြားသော COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများမှာ မြန်မာနိုင်ငံသားများဖြစ်ပြီး ရန်ကုန်မြို့ အင်းစိန်မြို့နယ်မှ အသက် ၂၉ နှစ်အရွယ် အမျိုးသားနှင့် ဗဟန်းမြို့နယ်မှ အသက် ၆၀ နှစ်အရွယ် အမျိုးသမီးဖြစ်သည်။

ယခုအခါ မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိသူပေါင်း ရှစ်ဦးရှိသွားပြီဖြစ်သည်။
တရုတ်နိုင်ငံ ဝူဟန်မြို့တွင် ပြီးခဲ့သည့် ဒီဇင်ဘာလက စတင်ပေါ်ထွက်လာခဲ့ပြီးနောက် ကိုရိုနာဗိုင်းရပ်စ်သည် အနည်းဆုံး နိုင်ငံပေါင်း ၁၇၇ သို့ ပြန့်နှံ့သွားခဲ့သည်။

ကမ္ဘာတဝှမ်း လူပေါင်း ၅၉၇, ၃၀၄ ဦးသို့ ကူးစက်ခံရပြီး သေဆုံးသူ ၂၇,၃၆၄ ဦးရှိကာ ပြန်လည်နေကောင်းလာသူ ၁၃၁, ၇၀၈ ဦး ရှိသည်ဟု အမေရိကန်နိုင်ငံအခြေစိုက် ဂျွန်ဟော့ကင်းတက္ကသိုလ်၏ ထုတ်ပြန်ချက်အရ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required