ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုကြောင့် ကမ္ဘာတဝန်း ကွန်ဒုံးပြတ်လပ်မှု ဖြစ်ပေါ်လာတော့မည်ဟု မလေးရှား ကွန်ဒုံးကုမ္ပဏီ ပြော

ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုကြောင့် ကမ္ဘာတဝန်း ကွန်ဒုံးပြတ်လပ်မှု ဖြစ်ပေါ်လာတော့မည်ဟု မလေးရှား ကွန်ဒုံးကုမ္ပဏီ ပြော

မတ် ၂၈။             ။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားပြီး lockdown ချမှတ်ခံရမှုကြောင့် ထုတ်လုပ်မှုများကို မဖြစ်မနေ ပိတ်သိမ်းထားခဲ့ရပြီးနောက် ကမ္ဘာတဝန်းတွင် ကွန်ဒုံး ပြတ်လပ်မှု ဖြစ်ပေါ်လာတော့မည် ဖြစ်ကြောင်း ကမ္ဘာ့အကြီးဆုံးကွန်ဒုံးထုတ်လုပ်သူကုမ္ပဏီက ပြောကြားလိုက်သည်။

မလေးရှား ကွန်ဒုံးကုမ္ပဏီ Karex သည် ကွန်ဒုံးကုမ္ပဏီများအနက် ကမ္ဘာ့အကြီးဆုံးကုမ္ပဏီဖြစ်ပြီး ကမ္ဘာတဝန်း ထုတ်လုပ်နေသည့် ကွန်ဒုံးငါးခုတိုင်းတွင် တစ်ခုကို ယင်း Karex ကုမ္ပဏီက ထုတ်လုပ်နေခြင်း ဖြစ်သည်။

သို့သော် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို တားဆီးရန် မလေးရှားအစိုးရက lockdown ချမှတ်ခဲ့မှုကြောင့် ပြီးခဲ့သည့် ဆယ်ရက်အတွင်း မလေးရှားတွင် ရှိသော ယင်း၏ စက်ရုံ သုံးရုံ၌ ကွန်ဒုံး တစ်ခုတစ်လေကိုတောင်မှ ထုတ်လုပ်နိုင်တော့ခြင်း မရှိခဲ့ဟု သိရသည်။

ယင်းအတွက်ကြောင့် ပုံမှန်အားဖြင့် Durex ကဲ့သို့သော အမှတ်တံဆိပ်များဖြင့် နိုင်ငံတကာသို့ စျေးကွင်တင်ရောင်းချနေခဲ့သော ကွန်ဒုံးအခုရေပေါင်း သန်း ၁၀၀ မျှ လိုအပ်ချက် ဖြစ်ပေါ်သွားစေခဲ့ပြီဖြစ်သည်။ ပုံမှန်အားဖြင့်လည်း Karex ထုတ် ကွန်ဒုံးများကို ဗြိတိန်၏ အမျိုးသားကျန်းမာရေးဝန်ဆောင်မှု (NHS) ကဲ့သို့သော ကျန်းမာရေးစောင့်ရှောက်မှုစနစ်များသို့ ပေးသွင်းခြင်း သို့မဟုတ် ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့ကဲ့သို့ အကူအညီပေးရေး အစီအစဉ်များကနေ ဖြန့်ဝေခြင်း တို့ ပြုလုပ်ထားခဲ့သည် ဖြစ်ရာ ယခုအခါ လိုအပ်မှုများ ရှိသွားခဲ့ပြီ ဖြစ်သည်။

“ ကမ္ဘာတဝန်း နေရာတိုင်းမှာ ကွန်ဒုံးပြတ်လပ်မှုတွေကို ကျွန်တော်တို့ တွေ့မြင်ရပါတော့မယ်၊ ဒီအတိုင်းသာဆို ကြောက်ဖို့တောင် ကောင်းလာပါတော့မယ်” ဟု Karex ၏ အမှုဆောင်အရာရှိချုပ် Goh Miah Kiat က ယခုအပတ်အတွင်း ရိုက်တာသတင်းဌာနသို့ ပြောသွားခဲ့သည်။

“ ကျွန်တော် စိုးရိမ်မိတာကတော့ အာဖရိကဒေသမှာ နက်နက်နဲနဲ ဆောင်ရွက်နေတဲ့ လူသားချင်းစာနာမှု ပရိုဂရမ်တွေ အတော်များများအတွက် စိုးရိမ်မိပါတယ်၊၊ ဒီ ပြတ်လပ်မှုက သီတင်းပတ် နှစ်ပတ် ဒါမှမဟုတ် တစ်လလောက်နဲ့ ပြေလည်သွားမှာမဟုတ်ပါဘူး၊ ဒီပြတ်လပ်မှုက လများစွာကြာ ဆက်ရှိသွားနိုင်ပါတယ်” ဟု ၎င်းက  ပြောသွားသည်။

မလေးရှားနိုင်ငံသည် အရှေ့တောင်အာရှဒေသတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဒဏ် အဆိုးရွား ခံစားခဲ့ရသော နိုင်ငံဖြစ်ပြီး ကူးစက်ခံရသူ ၂,၁၆၁ ဦး ရှိပြီး သေဆုံးသူ ၂၆ ဦး ရှိခဲ့ကြောင်း သိရသည်။

ယင်းနိုင်ငံတွင် lockdown ချမှတ်မှုသည်လည်း လာမည့် ဧပြီ ၁၄ ရက်အထိ ဆက်ရှိနေဦးမည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required