စီးပွားရေး ပြန်လည်ကုစားရေး ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၂ ထရီလီယံကို သမ္မတ ထရမ့် လက်မှတ်ရေးထိုးအတည်ပြု

စီးပွားရေး ပြန်လည်ကုစားရေး ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၂ ထရီလီယံကို သမ္မတ ထရမ့် လက်မှတ်ရေးထိုးအတည်ပြု

မတ်လ ၂၈။                  ။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အထိနာနေတဲ့ အမေရိကန်စီးပွားရေးကို ကယ်တင်နိုင်ဖို့အတွက် ပြန်လည်ထူမတ်ရေး ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၂ ထရီလီယံ စီမံချက်ကို သမ္မတ ဒေါ်နယ်ထရမ့်က လက်မှတ်ရေးထိုးပြီး ဥပဒေအဖြစ် အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။

အမေရိကန်သမိုင်းမှာ အကြီးမားဆုံးဖြစ်တဲ့ အခု ရန်ပုံငွေဟာ ထိခိုက်နစ်နာနေတဲ့ အမေရိကန်ပြည်သူတွေဆီ ငွေကြေးထောက်ပံ့ပေးမယ့် ရန်ပုံငွေပဲ ဖြစ်ပါတယ်။

“ကျွန်တော်အနေနဲ့ ဒီမိုကရက်ပါတီရော၊ ရီပတ်ဘရီကန်ပါတီကိုပါ အတူတကွ လာရောက်ကြပြီး အမေရိကန် ပထမဆိုတာကို ဦးစားပေးလာတာအတွက် ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။”လို့ ဘဲဥပုံရုံးခန်းမှာ သမိုင်းတွင် ဥပဒေမူကြမ်းကို လက်မှတ်မထိုးခင် ထရမ့်က ပြောပါတယ်။

နိုင်ငံတွင်းမှာ ကိုရိုနာဗိုင်းရပ်စ် အသစ်ကူးစက်သူ ၁၈၀၀၀ အထိ စံချိန်တင်ပြီး ၁၅၀၀ နီးပါး သေဆုံးခဲ့ပြီး နောက်တစ်ရက်မှာပဲ ထရမ့်က အကြီးမားဆုံး စီးပွားရေးကုစားမှု ဥပဒေကြမ်းကို လက်မှတ်ထိုးလာတာပဲ ဖြစ်ပါတယ်။

လက်ရှိမှာ အမေရိကန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအများဆုံးနိုင်ငံဖြစ်နေပြီး လူပေါင်း တစ်သိန်းကျော်ထက်မနည်း ကူးစက်ခံထားရပါတယ်။

ကိုရိုနာဗိုင်းရပ်စ် အကျပ်အတည်းအတွင်းမှာ အလုပ်လက်မဲ့ဖြစ်သွားသူ ဦးရေဟာလည်း စံချိန်တင်မြင့်တက်ပြီး ဗုဒ္ဓဟူးနေ့က အလုပ်လက်မဲ့ လျှောက်လွှာဖြည့်သူပေါင်း ၃ ဒသမ ၃ သန်းအထိ စံချိန်တင် မြင့်တက်ခဲ့ပါတယ်။

အခု စီးပွားရေး ကုစားမှု စီမံချက်ဟာ အရင်က ပြန်လည်ထူမတ်ရေး ရန်ပုံငွေတွေထက် နှစ်ဆကြီးမားတဲ့ ငွေကြေးပမာဏပဲ ဖြစ်တယ်လို့ ထရမ့်က ပြောခဲ့ပါတယ်။

အဲဒီ စီးပွားရေး ကုစားမှု ဥပဒေကြမ်းကို ဆီးနိတ်လွှတ်တော်မှာ ဆွေးနွေးကြပြီး နှစ်ရက်မြောက်မှာ အောက်လွှတ်တော်မှာ ပါတီနှစ်ရပ်စလုံးက ထောက်ခံမဲပေး အတည်ပြုခဲ့တာ ဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required