ဗြိတိန်ဝန်ကြီးချုပ် ဘော်ရစ်ဂျွန်ဆင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ

ဗြိတိန်ဝန်ကြီးချုပ် ဘော်ရစ်ဂျွန်ဆင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ
Photo: EPA

ဗြိတိန်ဝန်ကြီးချုပ် ဘော်ရစ်ဂျွန်ဆင်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသည်ကို စမ်းသပ်တွေ့ရှိကြောင်း ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်သည်။

ဝန်ကြီးချုပ်တွင် အပျော့စားရောဂါလက္ခဏာသာ ပြသပြီး ဒေါင်းနင်းလမ်းတွင် ကိုယ်တိုင်ရောဂါခြေချုပ်ဖြင့် နေထိုင်လျက် ရှိသည်ဟု ဘီဘီစီ သတင်းတစ်ရပ်တွင် ဖော်ပြသည်။

“အင်္ဂလန် ဆေးပညာဆိုင်ရာ တာဝန်ခံချုပ် ပါမောက္ခ ခရစ်ဝှစ်တီ၏ ပုဂ္ဂိုလ်ရေး အကြံပြုချက်အရ ဝန်ကြီးချုပ်က ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း။” အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဝန်ကြီးချုပ်အနေဖြင့် ကိုရိုနာဗိုင်းရပ်စ် အကျပ်အတည်းအား အစိုးရ၏ ကိုင်တွယ်ဖြေရှင်းမှုတွင် ဦးစီးဦးဆောင် ဆက်လက်ပြုသွားမည်ဖြစ်ကြောင်း ယင်း ထုတ်ပြန်ချက်တွင် ထပ်လောင်းဖော်ပြထားသည်။

ဝန်ကြီးချုပ်အား စမ်းသပ်မှုကို ဒေါင်းနင်းလမ်း အိမ်နံပါတ် ၁၀ တွင် အမျိုးသားကျန်းမာရေးဝန်ဆောင်မှုဌာနမှ လာရောက် စမ်းသပ်ခဲ့ခြင်းဖြစ်သည်။

“ပြီးခဲ့တဲ့ ၂၄ နာရီမှာ ကျွန်တော်မှာ အပျော့စားလက္ခဏာတွေ ပြပါတယ်။ နောက်တော့ ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်တွေ့ရှိတယ်။ အခု ကျွန်တော် ကိုယ်တိုင်သီးခြားခွဲနေနေပါတယ်။ ဒါပေမယ့် ဒီ ဗိုင်းရပ်စ်ကို တိုက်ဖျက်ရာမှာ ဗီဒီယိုကွန်ဖရင့်ကနေ အစိုးရကို ကျွန်တော် ဆက်လက်ဦးဆောင်သွားမှာ ဖြစ်ပါတယ်။”ဟု ဘော်ရစ်ဂျွန်ဆင်က တွစ်တာ၌ ရေးသားခဲ့သည်။

“ဒီဗိုင်းရပ်စ်ကို ကျွန်တော်တို့တွေ အတူတကွ အနိုင်ယူကြမယ်။”ဟု ၎င်းက ရေးသားခဲ့သည်။

ဗြိတိန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားသူပေါင်း ၁၁၆၀၀ ဦးရှိကာ သေဆုံးသူ ၅၇၈ ဦး ရှိပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly