COVID-19 တွေ့ရှိသည့် မန္တလေးက အမျိုးသားနေထိုင်ခဲ့ရာ အိမ်ရာကို ပိုးသတ်ဆေးဖြန်း၊ ရပ်ရွာခြေချုပ်ထား

COVID-19 တွေ့ရှိသည့် မန္တလေးက အမျိုးသားနေထိုင်ခဲ့ရာ အိမ်ရာကို ပိုးသတ်ဆေးဖြန်း၊ ရပ်ရွာခြေချုပ်ထား

မတ်လ ၂၇။              ။ ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါပိုးတွေ့ရှိသည့် အမေရိကန် နိုင်ငံသားခံယူထားသူ မြန်မာလူမျိုး အသက် ၃၃ နှစ်အရွယ် အမျိုးသားနေထိုင်ခဲ့သည့် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ရှိ မြရည်နန္ဒာ တန်ဖိုးနည်းအိမ်ရာ တိုက်အမှတ် ၆ နေရာတွင် မတ်လ ၂၇ ရက် နံနက် ၉ နာရီးက ပိုးသတ်ဆေးဖြန်းခြင်းများ ပြုလုပ်ပြီး ရပ်ရွာခြေချုပ်(ကန့်သတ်နေရာ)ပြုလုပ်ထားသည်။

အဆိုပါ ကန့်သတ်နေရာတွင် နေထိုင်သူများအ​နေဖြင့် စားသောက်ဖွယ်ရာများ အသုံးဆောင်ပစ္စည်းများ လိုအပ်ပါက လူမှုရေးအသင်းအဖွဲ့များနှင့်အုပ်ချုပ်ရေးအဖွဲ့များ ဝယ်ယူပေးသွားမည်ဖြစ်သည်။ထိုသို့ လိုအပ်သည်များ ဆောင်ရွက်ပေးရန်အတွက် အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် အုပ်ချုပ်ရေးအဖွဲ့များက စောင့်ပေးလျှက်ရှိသည်။

အဆိုပါ ပိုးတွေ့ရှိသူအနေဖြင့် ရန်ကုန်မြို့သို့ (၁၉-၃-၂၀၂၀) ရက်နေ့တွင် ပြန်လည် ရောက်ရှိခဲ့ပြီး (၂၂-၃-၂၀၂၀) ရက်နေ့မှစတင်၍ ဖျားခြင်း၊ ချောင်းဆိုးခြင်းနှင့် မောပန်းခြင်း လက္ခဏာ များ ခံစားခဲ့ရသဖြင့် (၂၅-၃-၂၀၂၀) ရက်နေ့တွင် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ လာရောက် ပြသခဲ့ရာ ကန်တော်နဒီဆေးရုံသို့ လွှဲပြောင်း၍ စောင့်ကြည့်လူနာအဖြစ် သီးသန့်ခန်းတွင် ထားရှိ၍ ကုသမှုပေးလျက်ရှိသည်။

"ဆေးစစ်တယ်။ အိမ်မှာပဲ ၁၄ ရက်နေဖို့ စောင့်ကြည့်တယ်။ အဲ့လိုနေရင်းနဲ့မှ သူက ကျန်းမာရေးမကောင်းလို့ဆိုပြီး ဆေးရုံကြီးရောက်တာ။ ဒီကြားထဲမှာ လိုက်စုံစမ်းတဲ့အခါ ဆေးခန်းတွေ သွားခဲ့တယ်။ ဒီဆေးခန်းတွေလည်း လိုက်စုံစမ်းနေတယ်။"ဟု ချမ်းမြသာစည်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်မိုးက ပြောသည်။

အဆိုပါလူနာသည် အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့သို့ (၁၉-၃-၂၀၂၀)ရက်နေ့၊ ညနေ (၆) နာရီတွင် Qatar Airline ဖြင့် ပြန်လည်ရောက်ရှိခဲ့ပြီး တောင်ဥက္ကလာမြို့နယ်တွင် တစ်ည အိပ်နေထိုင်ခဲ့ကြောင်း (၂၀-၃-၂၀၂၀)ရက်နေ့၊ ည(၁၀)နာရီတွင် ရန်ကုန်မြို့မှ မန္တလေး မြို့သို့ ခိုင်မန္တလေး အဝေးပြေးမှန်လုံယာဉ်ဖြင့် သွားရောက်ခဲ့ပြီး ကားဂိတ်မှ ချမ်းမြသာစည် မြို့နယ်ရှိနေအိမ်သို့ သုံးဘီးယာဉ်ဖြင့် သွားရောက်ခဲ့ကြောင်း သိရှိရပါသည်။

သုံးဘီးမောင်းသမားအနေဖြင့်လည်း ဆေးစစ်ရန်ဆောင်ရွက်လျှက်ရှိပြီး ပိုးတွေ့သူ၏ မိသားစုဝင်များကိုလည်း ဆက်လက်စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required