ကောင်မလေးနှစ်ယောက်နဲ့ လမ်းသလားနေတဲ့ အဲဗာတန်ကွင်းလယ်လူကို ရဲတွေ သတိပေး

ကောင်မလေးနှစ်ယောက်နဲ့ လမ်းသလားနေတဲ့ အဲဗာတန်ကွင်းလယ်လူကို ရဲတွေ သတိပေး

အဲဗာတန်အသင်းရဲ့ အသက် (၂၉)နှစ်အရွယ် ကွင်းလယ်တိုက်စစ်ကစားသမား နီယက်ဆီ တစ်ယောက်ကတော့ Covid-19 အတွက် ဗြိတိန်နိုင်ငံတစ်ဝန်း ညွှန်ကြားချက်တွေ ထုတ်ထားချိန်မှာ ကောင်မလေးနှစ်ယောက်ကို ကားပေါ်တင်ပြီး လျှောက်သွားနေခဲ့ပါတယ်။

သူက သူ့ရဲ့ ပေါင် (၁၀၀၀၀၀)တန် မာစီဒီးစ်ကားပေါ်မှာ ကောင်မလေးနှစ်ယောက်ကို တင်ကာ မောင်းနေခဲ့တာဖြစ်ပြီး အရပ်ဝတ်နဲ့ ရဲတွေက သူ့ကို တားဆီးသတိပေးခဲ့တာပါ။

ဗြိတိန်ဝန်ကြီးချုပ်ကိုယ်တိုင်က ပြည်သူတွေအနေနဲ့ တတ်နိုင်သလောက် နေအိမ်ထဲမှာ နေဖို့နဲ့ ပူးပေါင်းပါဝင်မှုတွေ ပြုလုပ်ပေးဖို့ တောင်းဆိုထားချိန်မှာ နီယက်ဆီ တစ်ယောက် ဒီလို လျှောက်သွားနေခဲ့တာကို ရဲတွေက သတိပေးခဲ့တာပါ။

“မင်းက  အမိန့်ကို ချိုးဖောက်နေတာပဲ။ ပရီးမီးယားလိဂ် ဘောလုံးသမားတစ်ယောက်ဖြစ်ပြီး ဒီမှာရှိနေတဲ့ လူတိုင်းကို အန္တရာယ်များအောင် လုပ်နေတာပဲ။ မင်းဘာလုပ်နေတာလဲကွာ..။ တကယ့်ကို ရှက်စရာပဲ။”လို့ ရဲတွေက နီယက်ဆီ ကို ပြောခဲ့ကြောင်း အနီးအနားမှာ ရှိသူတွေက ဆိုပါတယ်။

မန်ချက်စတာမြို့တွင်းမှာ နေထိုင်တဲ့ မျက်မြင်သက်သေတစ်ယောက်ကတော့ နီယက်ဆီရဲ့ အဖြစ်အပျက်ဟာ တကယ့်ကိုရှက်စရာ ဖြစ်ကြောင်းနဲ့ သူလုပ်ချင်ရာကို လုပ်နေပြီး ပတ်ဝန်းကျင်ကို ဂရုမစိုက်တာမျိုးကို နားမလည်နိုင်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

ရဲတွေနဲ့ စကားပြောဆိုပြီးတဲ့နောက်မှာတော့ နီယက်ဆီနဲ့ အတူပါလာတဲ့ကောင်မလေးတွေဟာ အငှားကားတစ်စီးနဲ့ ပြန်လည်ထွက်ခွာသွားခဲ့ပြီး နီယက်ဆီလည်း နေအိမ်ဆီ ပြန်သွားခဲ့တယ်လို့ သိရပါတယ်။

ဗြိတိန်နိုင်ငံတွင်းမှာ Covid-19 ကူးစက်မှုဟာ မြင့်တက်နေဆဲဖြစ်ပြီး  စုစုပေါင်း ကူးစက်ခံထားရသူ (၁၁၆၅၈)ယောက်နဲ့ သေဆုံးသူ စုစုပေါင်း (၅၇၈)ယောက် ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။

အဲဗာတန်အသင်းအတွက် (၃၁)ပွဲ ကစားပေးထားပြီး (၈) ဂိုး သွင်းယူပေးထားခဲ့တဲ့ နီယက်ဆီဟာ လိုကိုမိုးတစ်မော်စကိုကနေ အဲဗာတန်အသင်းဆီကို (၂၀၁၆)ခုနှစ်က ပြောင်းရွှေ့လာခဲ့သူပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required