သွားလေသူအီတလီနိုင်ငံသားများ၏ ဘဝကူးချိန်ကို အကျည်းတန်စေသည့် COVID-19

သွားလေသူအီတလီနိုင်ငံသားများ၏ ဘဝကူးချိန်ကို အကျည်းတန်စေသည့် COVID-19

မတ် ၂၇  ။          ။ အီတလီနိုင်ငံတွင်  ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် အသုဘအခမ်းအနားများကို တားမြစ်ထားပြီး ကျန်ရစ်သူမိသားစုများအတွက် သွားလေသူကို နှုတ်ဆက်ရမည့်အခွင့်အရေးကိုပါ ဆုံးရှုံးလျက်ရှိသည်။

“ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါက နှစ်ခါသတ်တာဗျ၊ ပထမတစ်ခုက မသေခင်မှာ ကိုယ်ချစ်တဲ့သူတွေနဲ့ခွဲထားပြီး တစ်ယောက်မှ အနားကို ကပ်ခွင့်မပေးဘူး၊ မိသားစုဝင်တွေအနေနဲ့ ယူကျုံးမရဖြစ်ပြီး လက်သင့်ခံဖို့ခက်တာပေါ့ ဗျာ ” ဟု မီလန်မြို့က အသုဘရေးရာစီစဉ်သူ  Adrea Cerato က ပြောသည်။

အီတလီနိုင်ငံတွင် ရောဂါကူးစက်နှုန်းမြင့်မားနေပြီး အသွားအလာတားမြစ်ထားသောကြောင့်  COVID-19 ကူးစက်နေသူများသည် ဆေးရုံများတွင် အထီးကျန်စွာဖြတ်သန်းရင်း သေဆုံးနေကြရသည်။

ဗိုင်းရပ်စ်သည် သေဆုံးပြီးသားလူနာထံမှ မကူးစက်နိုင်သော်လည်း အဝတ်အစားပေါ်၌ နာရီအနည်းငယ် ရှင်သန်နေနိုင်သဖြင့် ရုပ်အလောင်းများကို ချက်ချင်း အိတ်နှင့်ပိတ်ကာ သယ်ဆောင်သွားကြရသည်ဟု ကျန်းမာရေး အာဏာပိုင်များက ဆိုသည်။

မိသားစုဝင်များသည် သွားလေသူကို နောက်ဆုံးအကြိမ် ကြည့်ခွင့်တောင်းကြသော်လည်း တားမြစ်ထားကြောင်း Cremona မြို့ရှိ အသုဘစီစဉ်သူ Massimo Mancastroppa ကပြောပြသည်။

သွားလေသူများကိုလည်း ဝတ်ကောင်းစားလှများမဆင်ပေးလိုက်ရဘဲ မထင်မရှား ဆေးရုံတက်ဝတ်စုံဖြင့်သာ မြှုပ်နှံပေးကြရသည်။ သို့ပေမယ့် Massimo က မိသားစုဝင်များပေးသော အဝတ်အစားများလွှားပေးပြီး သူတတ် နိုင်သလောက် ကူညီပေးနေသည်။

သေဆုံးသူနှင့်နီးစပ်သူများမှာလည်း တစ်ခါတရံ စောင့်ကြည့်စစ်ဆေးမှုခံနေရလေ့ရှိပြီး အသုဘစီစဉ်ဆောင်ရွက်သူများကိုယ်တိုင်က မိသားစု၊ မိတ်ဆွေနှင့် ဘုန်းတော်ကြီးများကိုယ်စား လုပ်ဆောင်ပေးနေကြခြင်းဖြစ်သည်။

“မိသားစုဝင်တွေကိုယ်စား ကျွန်တော်တို့အားလုံး တာဝန်ယူထားတာပါ၊ အသုံးပြုမယ့် အခေါင်းကို ဓာတ်ပုံရိုက်ပြီး မိသားစုတွေဆီ လှမ်းပို့လိုက်တယ်၊ ပြီးရင် ဆေးရုံကနေ အလောင်းကို သွားယူပြီး မြေမြှုပ်ပေးတာ ဒါမှမဟုတ် မီးသင်္ဂြိုဟ်တာတွေ လုပ်ပေးတယ်၊ ဖီးလိမ်းပြင်ဆင်ပေးလို့မရဘူး၊ အရမ်းကို ဝမ်းနည်းစရာကောင်းတယ်၊ သူတို့အနေနဲ့ ကျွန်တော်တို့ကို ယုံကြည်ပေးရုံကလွဲပြီး တခြားရွေးချယ်စရာမရှိဘူးလေ” ဟု Andrea ကပြောသည်။

ဆွေမျိုးများက အမှတ်တရနှုတ်ဆက်စာများ၊ ဘိုးစဉ်ဘောင်ဆက်အမွေပစ္စည်းများ၊ ပန်းချီများနှင့် ကဗျာများကို သွားလေသူနှင့်အတူ ထည့်ပေးရန် ကြိုးစားကြသော်လည်း ခွင့်ပြုချက်မရရှိကြပေ။

တစ်စုံတစ်ဦး အိမ်၌သေဆုံးပါက အသုဘစီစဉ်သူများက ရောဂါကာကွယ်ရေးဝတ်စုံပြည့်ဖြင့် အိမ်တိုင်ရာရောက် သွားသယ်ကြရသည်။

သို့သော် ယခုအချိန်၌ အသုဘစီစဉ်သူများသည် ကိုယ့်ကိုယ်ကို စောင့်ကြည့်ကန့်သတ်နေကြရပြီး အချို့မှာ လုပ်ငန်းရပ်ဆိုင်းထားကြရသည်။ ရုပ်အလောင်းများကို ကိုင်တွယ်သူအတွက် ကာကွယ်ရေးဝတ်စုံပြည့် လောက်မှု မရှိခြင်းကလည်း စိုးရိမ်ဖွယ်ရာအချက်ဖြစ်သည်။

အီတလီတွင် ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှာကို စိုးရိမ်သဖြင့် အသုဘအခမ်းအနားများ ပြုလုပ်ခြင်းကို နိုင်ငံ့အရေးပေါ်ဥပဒေအရ တားမြစ်ထားပြီး ရိုမန်ကက်သလစ်နိုင်ငံတစ်နိုင်ငံအနေဖြင့် မကြုံစဖူး ဖြစ်ရပ်ဖြစ်သည်။

Massimo သည် သူတတ်နိုင်သည့်အခါတိုင်း အခေါင်းကို ကားထဲထဲ့ကာ ဘုရားကျောင်းထိမောင်းသွားပြီး သေဆုံးသူအတွက် ဘုန်းတော်ကြီးထံမှ ကောင်းချီးရယူပေးသည်။

“သွားလေသူတွေကို ဂုဏ်သိက္ခာရှိရှိ လှလှပပလေးနဲ့ ဘဝကူးစေချင်တာ ကျွန်တော်တို့ရဲ့ဆန္ဒပါ” ဟု  Massimo က ပြောသည်။

အီတလီတွင် COVID_19 ကြောင့် သေဆုံးသူမြင့်တက်လျက်ရှိပြီး မတ်လ ၂၇ ရက်အထိစာရင်းအရ (၈၂၁၅)  ဦးရှိပြီဖြစ်ကာ သေဆုံးမှုအမြင့်ဆုံးနိုင်ငံဖြစ်သည်။

ဘုရားကျောင်းများတွင်လည်း ခေါင်းတလားများ တောင်ပုံယာပုံဖြစ်နေသည်ဟု ဆိုသည်။ သေဆုံးမှုအများဆုံးဖြစ်သည့် Bergamo မြို့ရှိ သုဿာန်များမှာ နေရာလပ်မရှိတော့သောကြောင့် စစ်တပ်ကားများအကူအညီဖြင့် အနီးရှိ မြို့များသို့သွားရောက်ကာ မီးသင်္ဂြိုဟ်ပေးနေကြရသည်။

အီတလီ၌ နေ့ညမပျက်တာဝန်ထမ်းဆောင်နေသော ဆရာဝန်များနှင့်သူနာပြုများကို ဂုဏ်ပြုချီးမွမ်းနေကြသော်လည်း အသုဘအရေးစီစဉ်ဆောင်ရွက်သူများမှာမူ အသိအမှတ်ပြုခြင်းမခံကြရပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required