မတ်လ ၂၇။ ။ ကိုရိုနာဗိုင်းရပ်စ် ထပ်မံ မပြန့်ပွားအောင် တရုတ်နိုင်ငံက နယ်စပ်မှ ဝင်ရောက်သော နိုင်ငံခြားသားအားလုံးကို တားမြစ်သွားမည်ဖြစ်ကြောင်း ကြေညာသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက အင်္ဂါနေ့ ညနေပိုင်းက ထုတ်ပြန်ချက်တွင် တရားဝင်ဗီဇာနှင့် အမြဲတမ်းနေထိုင်ခွင့် ရှိထားသူများအပါအဝင် နိုင်ငံခြားသားအားလုံး ဝင်ရောက်ခွင့်ကို ယာယီတားမြစ်မည်ဖြစ်ကြောင်း ကြေညာထားသည်။
ယခု တားမြစ်ချက်သည် သောကြာနေ့ ညလယ်မှစတင်ကာ အသက်ဝင်မည် ဖြစ်သည်။
“ယခု တားမြစ်ချက်သည် ယာယီဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှု အခြေအနေကြောင့် အခြားသော နိုင်ငံများနည်းတူ အတင်းအကျပ် ပြဋ္ဌာန်းရခြင်းဖြစ်ကြောင်း” နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ ထိုပြင် “ဖြစ်ပေါ်လာသော အခြေအနေပေါ် မူတည်၍ နိုင်ငံခြားသားများ ဝင်ရောက်ခွင့် တားမြစ်သည့် လုပ်ငန်းစဉ်ကို ပြန်လည်ချိန်ညှိသွားမည်။”ဟုလည်း ဖော်ပြထားသည်။
ပြည်တွင်း၌ COVID-19 ကူးစက်ဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ပြီးနောက် တရုတ်နိုင်ငံသည် ဖြစ်လာနိုင်သော ကူးစက်ဖြစ်ပွားမှု ဒုတိယလှိုင်းအတွက် အာရုံစိုက် ဆောင်ရွက်လာခြင်းပဲ ဖြစ်သည်။
တရုတ်နိုင်ငံတွင် နေ့စဉ် ပြည်ပမှ ရောက်ရှိသူများမှ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုများ တွေ့ရှိကာ ယခုအထိ ပြည်ပမှ ရောက်လာသည့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူပေါင်း ယခု သီတင်းပတ်အတွင်း ၅၄၁ ဦး ရှိနေပြီ ဖြစ်သည်။