ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားနေချိန် နည်းပညာသစ်များ တီထွင်ထုတ်လုပ်နိုင်ရေး အပြင်းအထန် အားထုတ်နေသည်ဟု Huawei တည်ထောင်သူ ပြောကြား

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားနေချိန် နည်းပညာသစ်များ တီထွင်ထုတ်လုပ်နိုင်ရေး အပြင်းအထန် အားထုတ်နေသည်ဟု Huawei တည်ထောင်သူ ပြောကြား

မတ် ၂၆ 

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုကြောင့် တရုတ်အပါအဝင် ကမ္ဘာတဝန်းရှိ ကုမ္ပဏီလုပ်ငန်းအများအပြားအနေဖြင့် ယင်းတို့၏ စီးပွားရေးလုပ်ငန်း လည်ပတ်မှုများကို မဖြစ်မနေ ရပ်ဆိုင်းထားရကောင်း ထားရနိုင်သော်လည်း Huawei Technologies မှ အင်ဂျင်နီယာများမှာမူ လက်ရှိကြုံတွေ့နေရသော အကျပ်အတည်းကို ရင်ဆိုင်နိုင်ရန် ၂၄ နာရီပတ်လုံး ကြိုးကြိုးစားစား အလုပ်လုပ်ကိုင်နေကြလျက် ရှိသည်။

ကမ္ဘာ့အကြီးဆုံး တယ်လီကွန်မြူနစ်ကေးရှင်း တပ်ဆင်ပစ္စည်းထုတ်လုပ်သူ နှင့် တရုတ်၏ အကြီးဆုံး စမတ်ဖုန်းထုတ်လုပ်သူ လုပ်ငန်းကုမ္ပဏီအတွက် မဖြစ်မနေ လုပ်ရမည့် မစ်ရှင်တစ်ခု ရှိနေသည်ဆိုသည့် အသိစိတ်တစ်ခုက နောက်ကွယ်ကနေ တွန်းအားပေးလျက် ရှိကြောင်း Huawei တည်ထောင်သူနှင့် အမှုဆောင်အရာရှိချုပ် Ren Zhengfei က ယခုအပတ်အတွင်း South China Morning Post နှင့် တွေ့ဆုံသည့် အင်တာဗျူးတစ်ခုတွင် ပြောသွားခဲ့သည်။

“သိပ္ပံပညာရှင်တွေ၊ ကျွမ်းကျင်ပညာရှင်တွေနဲ့ အင်ဂျင်နီယာတွေ စုစုပေါင်း ၂၀,၀၀၀ ကျော်လောက်ဟာ နှစ်သစ်ကူးအားလပ်ရက်ကာလတုန်းက အချိန်ပိုဆင်းပြီး အလုပ်လုပ်ခဲ့ကြပါတယ်၊ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ဟာ နည်းပညာအသစ်တွေ ထုတ်လုပ်ဖို့ အပြင်းအထန် ကြိုးစားနေကြလို့ ဖြစ်ပါတယ်။” ဟု Ren က ၎င်း၏ ကုမ္ပဏီလုပ်ငန်း အလုပ်လုပ်ကိုင်မှု အခြေအနေကို ရည်ညွန်းပြောဆိုခဲ့သည်။ “ကမ္ဘာလုံးဆိုင်ရာ ယှဉ်ပြိုင်မှုရဲ့ အရှေ့မှာ ကျွန်တော်တို့ကို ဆက်ရှိနေစေမယ့် တစ်ခုခုကို လုပ်နေတာပါ။” ဟု ၎င်းက ပြောသည်။ နောက်ထပ် အသေးစိတ် အချက်အလက်များကို ထုတ်ဖော်သွားခြင်း မရှိပေ။

ကိုရိုနာဗိုင်းရပ်စ် အကျပ်အတည်း တရုတ်တွင် ကျရောက်ပြီး ယင်းဗိုင်းရပ်စ်က ကမ္ဘာတဝန်း ဆက်လက်ပျံ့နှံ့ မသွားမီကပင် အဆိုပါ ကုမ္ပဏီအနေဖြင့် ရှေ့တန်းနေရာတစ်ခုတွင် ရှိနေခဲ့သည်။ အကြောင်းမှာ 5G ကွန်ရက် တပ်ဆင်ပစ္စည်းထုတ်လုပ်ငန်းတွင် ယင်း၏ စျေးကွက်ဦးဆောင်မှုအပေါ် အမေရိကန် အစိုးရ၏ ဖိအားပေးမှုများကြောင့် ဖြစ်သည်။

“အမေရိကန်ဘက်ကတော့ ကျွန်တော်တို့အပေါ် ဆန်ရှင်တွေ ဆက်ပြီး ထပ်တိုးချမှတ်ပါလိမ့်မယ်၊ အဲဒါ မဖြစ်ခင်မှာ ကျွန်တော်တို့အနေနဲ့ နည်းပညာသစ်တွေကို ယှဉ်ပြိုင်ထုတ်လုပ်သွားရမှာဖြစ်ပါတယ်။” ဟု Ren က ပြီးခဲ့သည့် မတ်လ ၂၄ ရက်က ၎င်း၏ Shenzhen ရုံးကနေတဆင့် ဗီဒီယိုအင်တာဗျူးတစ်ခုတွင် ပြောသွားခဲ့သည်။

အမေရိကန်၏ ဆန်ရှင်ချမှတ်မှုများအပြင် Ren ၏ သမီးတစ်ဦးဖြစ်သည့် Huawei ၏ ဘဏ္ဍာရေးအရာရှိချုပ် Meng Wanzhou သည်လည်း လက်ရှိအချိန်တွင် ကနေဒါတွင် ရှိနေဆဲဖြစ်ပြီး အမေရိကန်သို့ လွှဲပြောင်းခံရမည့်အရေး အမှုရင်ဆိုင်နေရပြီး အမိန့်ချမှတ်မှုကို စောင့်ဆိုင်းနေရသည်။ အမေရိကန်တွင် သူမအပေါ် စွဲချက် ၂၃ ခု စွဲဆိုထားပြီး ယင်းစွဲချက်များတွင် ငွေကြေးခဝါချမှု၊ လိမ်လည်မှု၊ အီရန်နှင့်ပတ်သက်၍ ချမှတ်ထားသည့်အမေရိကန် ဆန်ရှင်ကို ချိုးဖောက်မှု တို့လည်း ပါဝင်နေသည်။ ယခုအခါ ၎င်း၏ သမီးကြီး ကို လွမ်းဆွတ်မိနေသည်ဟု Ren က ပြောသည်။ နှစ်သစ်ကူးအားလပ်ရက်ကာလ ဇန်နဝါရီနှောင်းပိုင်းက Meng နှင့် နောက်ဆုံး ဖုန်းဆက်စကားပြောဆိုထားခဲ့ကြောင်း Ren က ပြောသည်။ဆက်လက်၍လည်း Meng ရင်ဆိုင်နေရသော အမှု စီရင်စစ်ဆေးရာတွင် အဆိုးရွားဆုံး အခြေအနေများ ကြုံတွေ့လာမည်မဟုတ်ဟုလည်း Ren က ယုံကြည်နေသည်။

ယမန်နှစ် မေလက Huawei နှင့် ယင်း၏ လက်အောက်ခံကုမ္ပဏီလုပ်ငန်းခွဲ ၆၈ ခုကို Entity List ဟု ခေါ်သော ကုန်သွယ်မှု နာမည်ပျက်စာရင်းတစ်ခုထဲ ၀ါရှင်တန်က ထည့်သွင်းခဲ့သည်။ Huawei သည် အမေရိကန်၏ အမျိုးသားလုံခြုံရေးအတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေသည်ဟု ၀ါရှင်တန်ဘက်က စွပ်စွဲထားပြီး ယင်းစွဲချက်ကို Huawei ဘက်က ထပ်တလဲလဲ ငြင်းဆန်ထားသည်။

၀ါရှင်တန်၏ လုပ်ဆောင်ချက်ကြောင့်လည်း Huawei အနေဖြင့် အမေရိကန်အစိုးရ၏ အတည်ပြုချက်မပါဘဲ အမေရိကန် ထိပ်တန်းနည်းပညာ suppliers များဆီကနေ  hardware ၊ software နှင့် အခြားဝန်ဆောင်မှုများ ဝယ်ယူနိုင်စွမ်းအပေါ်တွင် အကန့်အသတ်ဖြစ်ခဲ့ရသည်။ ယင်းတွင် နိုင်ငံတကာစျေးကွက်များတွင် ရောင်းချနေသော Huawei ၏ ဟန်းဆက်များတွင် အသုံးပြုသည့် Google မိုဘိုင်းဝန်ဆောင်မှုများနှင့်အတူ မျိုးဆက်သစ် မိုဘိုင်းကွန်ရက် အခြေစိုက်နေရာများရှိ အဓိက အစိတ်အပိုင်းများ ပါဝင်နေသည်။

ယင်းနောက်ပိုင်း အမေရိကန်က Huawei ကို လိုင်စင်ငါးခု သက်တမ်းတိုးခွင့်ပေးခဲ့ပြီး Huawei ကို အမေရိကန် supplier များနှင့် ယာယီ ပတ်သက်လုပ်ကိုင်ခွင့် ပြုခဲ့သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း နိုင်ငံရှိ တယ်လီကွန်း ကုမ္ပဏီများကို Huawei ဆီမှ ကွန်ရက်တပ်ဆင်ပစ္စည်း ဝယ်ယူရန်အလို့ငှာ အစိုးရ၏ ထောက်ပံ့ငွေ ရယူခြင်းမှ တားမြစ်သည့် ဥပဒေကြမ်းတစ်ရပ်ကို ယခုလအတွင်း လက်မှတ်ရေးထိုးခဲ့သည်။

ထို့ပြင် ဒေါ်နယ်ထရမ့်အစိုးရသည် ဥရောပရှိ ယင်း၏ မဟာမိတ်များကို ယင်းတို့၏ 5G မိုဘိုင်းကွန်ရက် တပ်ဆင်မှု အစီအစဉ်များတွင် Huawei ကို ရှောင်ကြရန် တိုက်တွန်းခဲ့သေးသည်။

“ကုမ္ပဏီတစ်ခုအနေနဲ့ ရှင်သန်ရပ်တည်ဖို့ ဒါက ကျွန်တော်တို့အတွက် ပြဿနာတစ်ခု မဟုတ်ပါဘူး၊ ဒါပေမယ့်လည်း ကျွန်တော်တို့ရဲ့ ဦးဆောင်ရပ်တည်မှုကို ဆက်ထိန်းထားနိုင်မလား ဆိုတာနဲ့ပတ်သက်လို့ကတော့ မေးခွန်းထုတ်စရာပါ၊ ခုချိန်မှာ ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင် နည်းပညာကို ဖန်တီးထုတ်လုပ်နိုင်ခြင်း မရှိဘူးဆိုရင် လာမယ့် သုံးနှစ်ကနေ ငါးနှစ်အတွင်းမှာ ကျွန်တော်တို့အနေနဲ့ ကမ္ဘာ့ဦးဆောင်သူနေရာမှာ ရှိမှာမဟုတ်တော့ပါဘူး။” ဟု Ren က ပြောသွားသည်။

Huawei အနေနဲ့ သုတေသနနှင့် ဖွံ့ဖြိုးမှုပိုင်းတွင် ရင်းနှီးမြုပ်နှံမှုများကို တိုးမြှင့်သွားမည်ဖြစ်ပြီး ယမန်နှစ် ၂၀၁၉ ခုနှစ်က ဘတ်ဂျက်ငွေ ကန်ဒေါ်လာ ၁၅ ဘီလီယံနှင့် ယှဉ်လျင် ၂၀၂၀ အသုံးစရိတ် ဘတ်ဂျက်မှာ ကန်ဒေါ်လာ ၂၀ ဘီလီယံ ကျော် ရှိနေသည်ဟု Ren က ပြောသည်။

သို့သော် အမေရိကန်မှုပြုခြင်းကို လုံးလုံးလျားလျား ဆန့်ကျင်ခြင်းမှာမူ Huawei အတွက် မဖြစ်နိုင်ကြောင်း Ren က မှတ်ချက်ပြုသည်။ “အမေရိကန် လုပ်ငန်းကုမ္ပဏီတွေအနေနဲ့လည်း ရှင်သန်ရပ်တည်ဖို့ ဟွာဝေကို ဖောက်သည်တစ်ဦးအနေနဲ့ လိုအပ်ပါလိမ့်မယ်။” ဟု Ren က ပြောသည်။ ဂလိုဘယ်လိုက်ဇေးရှင်း၏ ရလဒ်တစ်ခု အခြေအနေကနေ မည်သူမှ မလွတ်မြောက်နိုင်ဟု Ren က ပြောသည်။

တချိန်တည်းမှာပင် အမေရိကန်၏ ဆန်ရှင်ချမှတ်မှုများကို ရင်ဆိုင်ကျော်လွှားရေး Huawei ၏ ရည်မှန်းနေမှုကလည်း ပြီးခဲ့သည့် ဇန်နဝါရီက တရုတ်တွင် စတင် ထိခိုက်ကြုံတွေ့စေခဲ့သည့် COVID-19 ဖြစ်ပွားမှုကြောင့် ဖိအားများအောက် ထပ်မံ ကျရောက်ခဲ့ရသည်။ အဆိုပါ ဗိုင်းရပ်စ်သည် ယင်းနောက် ကမ္ဘာတဝန်း ဆက်လက်ပျံ့နှံ့ကူးစက်ခဲ့ကာ လူ့အဖွဲ့အစည်းများကို lockdown ချမှတ်မှုအောက် ကျရောက်စေခဲ့ပြီး စီးပွားရေးဆိုင်ရာ အကြီအကျယ် ထိခိုက်ဆုံးရှုံးစေမှုများကိုလည်း ဖြစ်စေခဲ့သည်။

မည်သို့ပင် ဆိုစေကာမူ Huawei အနေဖြင့် အကျပ်တည်းကနေ ကျော်လွှားနိုင်မည်ဟု Ren က ယုံကြည်နေသည်။

“အမေရိကန် ဆန်ရှင်ပဲဖြစ်ဖြစ် ဗိုင်းရပ်စ် ကူးစက်မှုပဲဖြစ်ဖြစ် ကျွန်တော်တို့အပေါ် အဓိကကျတဲ့ ထိခိုက်စေမှုတွေ ရှိမှာမဟုတ်ပါဘူး၊ ဒီ ထိခိုက်သက်ရောက်မှုက အနည်းအကျဉ်းမျှပဲ ရှိမယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်၊ ဒါကို ကျော်လွှားနိုင်မယ်လို့လည်း ယုံကြည်ထားပါတယ်။” ဟု Ren က ပြောသည်။

Huawei အနေဖြင့် ယင်း၏ ထုတ်လုပ်မှုနှင့် ဖွံ့ဖြိုးမှု လုပ်ငန်း ၉၀ ရာခိုင်နှုန်းကျော်ကို ပြန်လည်စတင်လည်ပတ်နေပြီဟု Ren က ပြောသည်။ ထို့ပြင် ယင်း၏ ပါတနာများကိုလည်း ထုတ်လုပ်မှုများ ဆက်ရှိနေစေရေးအလို့ငှာ အကူအညီပစ္စည်းများ ကူညီပံ့ပိုးပေးခြင်းအားဖြင့် ယင်း၏ ထုတ်လုပ်မှုလမ်းကြောင်း (supply chain) ကို အများအားဖြင့် မထိမခိုက်ဘဲ ရှိစေရန် ကုမ္ပဏီဘက်က လုပ်ဆောင်ထားသည်ဟု ၎င်းက ဖြည့်စွက်ပြောသည်။

ဆက်သွယ်ရေးလမ်းကြောင်းများ ပြတ်တောက်ခြင်းမရှိဘဲ ဆက်ရှိနေစေရန် ကမ္ဘာတဝန်းရှိ ပြုပြင်ထိန်းသိမ်းရေး ဝန်ဆောင်မှု ဝန်ထမ်းများလည်း ဆက်လက် အလုပ်လုပ်ကိုင်နေကြောင်း Ren က ပြောသည်။ “ ဒီလို ဗိုင်းရပ်စ် ကူးစက်မှု အရှိန်မြင့်လာချိန်မှာ ကမ္ဘာတဝန်းမှာ အင်တာနက် ဝန်ဆောင်မှုကို ပိုပြီးလိုအပ်ပါတယ်။” ဟု ၎င်းက ဆိုသည်။

ကိုရိုနာဗိုင်းရပ်စ် အဓိက ကူးစက်ဖြစ်ပွားရာ ဗဟိုချက် ဟူပေပြည်နယ်မှလွဲ၍ ကမ္ဘာတဝန်းရှိ ကုမ္ပဏီ၏လုပ်သားအစုအဖွဲ့သည် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထိခိုက်မှုမရှိခဲ့ဟု သိရသည်။ ဟူပေပြည်နယ်ရှိ ဗိုင်းရပ်စ်ကူးစက်မှု ဘေး ကျရောက်ခဲ့သူများလည်း ယခုအခါ ပြန်လည် ကောင်းမွန်လာခဲ့ပြီဟု Ren က ပြောသည်။

သို့သော် Huawei ၏ တရုတ်ပြင်ပ အဓိက စျေးကွက်ကြီးဖြစ်သည့် ဥရောပတွင် ယခုအခါ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှင့် အပြင်းအထန် ကြုံတွေ့နေရသည်။ မည်သို့ပင်ဖြစ်စေ အွန်လိုင်းဝန်ဆောင်မှုများကို လူတို့ လိုအပ်နေမည်ဖြစ်၍ ယင်း၏ ကွန်ရက် ပစ္စည်းများအတွက် ဝယ်လိုအား ဆက်လက် ကောင်းနေမည်ဟု Ren က မျှော်လင့်နေသည်။

“ တယ်လီဖုန်းဆက်သွယ်ရေးနည်းပညာနဲ့ ကျန်းမာရေးစောင့်ရှောက်မှု၊ ကျန်းမာရေးပညာပေးမှု လုပ်ဆောင်တဲ့ စနစ်၊ အွန်လိုင်း သင်ကြားမှုစနစ်နဲ့ အဝေးကနေ အလုပ်လုပ်တဲ့စနစ် တို့လိုမျိုး နည်းပညာသစ်တွေကို ကြည့်မယ်ဆိုရင် ကူးစက်ရောဂါ ပျံ့နှံ့မှု ကာကွယ်ရာမှာ ဒါတွေရဲ့ အသုံးဝင်ပုံကို ကမ္ဘာကို ပြသနေသလို  ကွန်ရက် ဆက်သွယ်မှုတွေရဲ့ အရေးပါမှုကိုလည်း ပြသနေပါလိမ့်မယ်။” ဟု Ren က ပြောသည်။ “အနောက်နိုင်ငံတွေမှာ ကိုရိုနာဗိုင်းရပ်စ်ရဲ့ ထိခိုက်မှုဒဏ် ခံစားနေရတယ်ဆိုရင်တောင်မှ ဒီ ဗိုင်းရပ်စ် ဖြစ်ပွားနေချိန်ကာလအတွင်း ကျွန်တော်တို့ရဲ့ ပရောဂျက်အများစုက သူတို့တွေရဲ့ လုပ်နိုင်စွမ်းကို အမှန်တကယ် မြှင့်တင်ပေးနိုင်ပါလိမ့်မယ်၊ ကျွန်တော်တို့ဘက်က ပြည့်မီအောင် ဖြည့်ဖို့လိုတဲ့ လိုအပ်ချက်တစ်ခု ရှိပါတယ်။” ဟု Ren က ပြောသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly