သက်ကြီးရွယ်အိုများ ပြောပြသည့် COVID-19 ရောဂါ အကြောင်း

ရန်ကုန်၊မတ်လ ၂၆ 

အစိုးရအနေဖြင့် သက်ကြီးရွယ်အိုများအတွက် COVID-19 ရောဂါနှင့် ပတ်သက်သည့် ကျန်းမာရေး အသိ ပညာများကို ရိုးရှင်းပြီး နားလည်လွယ်အောင် ပြုလုပ်ပေးသင့်ကြောင်း အပြည်ပြည်ဆိုင်ရာ သက်ကြီး ရွယ်အို စောင့်ရှောက်ရေးအဖွဲ့( Help Aged International)က ပြောသည်။

မြန်မာနိုင်ငံတွင် COVID-19 ရောဂါကြောင့် ထောင်ပေါင်းများစွာသော သက်ကြီးရွယ်အိုများ၏ အသက်အန္တရာ ယ် စိုးရိမ်ရနိုင်ကြောင်း၊ အစိုးရနှင့်လူမှုအဖွဲ့အစည်းများမှ သက်ကြီးရွယ်အိုများအပေါ် ရိုးရှင်းပြီး နားလည် လွယ် သော ကျန်းမာရေး သတင်းအချက်အလတ်များကိုသာ ပေးသင့်ကြောင်း အပြည်ပြည်ဆိုင်ရာ သက်ကြီး ရွယ်အို စောင့်ရှောက်ရေးအဖွဲ့ (H.A.I)က မတ်လ ၂၅ ရက်တွင် ထုတ်ပြန် တိုက်တွန်းခဲ့သည်။

ထို့ကြောင့် မြန်မာနိုင်ငံအတွင်းက အသက်အရွယ်အားဖြင့် ကြီးရင့်သူများ အနေနှင့်  COVID-19 ရောဂါနှင့် ပတ်သက်သည့် ကျန်းမာရေး အသိပညာများကို မည်မျှအထိ နားလည်ထားကြသနည်း ဆိုခြင်းကို လိုက်လံ မေးမြန်းထားပါသည်။ 

မော်လမြိုင်မြို႔တွင် နေထိုင်သည့် အသက် ၇၃ နှစ်အရွယ် ဒေါ်သန်းမြက "အပြင်က ပြန်လာရင် လက်ဆေးရ မယ်။ တတ်နိုင်သမျှ အိမ်ထဲမှာ နေရမယ်။ လူစုလူဝေးတွေ ရှောင်ရမယ်။ ကိုယ်ခံအားကောင်းအောင် အစာ စားနေရမယ်။ လူများတဲ့ နေရာသွားရင် mask တပ်ရမယ်။ ဒါပေမယ့် ဖျားနာတဲ့သူတွေကို ပိုတပ်သင့်တယ်"ဟု ပြောသည်။

ထို့နောက် ပုသိမ်မြို့မှ အသက် ၉၀ ကျော် အဖွားတစ်ဦးက "ဒီရောဂါပိုးက လေထဲက မကူးနိုင်ဘူး။ အသက်ကြီး သူတွေမှာလည်း ဖြစ်နိုင်တယ်။ ဖြစ်ရင်လည်း သေနိုင်တယ်။ ကိုယ်ပူရင် ဆေးခန်းပြသင့်တယ် မပေါ့ဆသင့်ဘူး။ လက်ဆေးရမယ်။ အိမ်ထဲမှာ နေရမယ်။ လူစုလူဝေး မလုပ်ရဘူး"ဟု ပြောသည်။ 

အလားတူ ရန်ကုန်မြို့က အသက် ၇၈ နှစ်အရွယ် ဒေါ်လှမြင့်က "အိမ်ကနေ ပြန်လာရင် လက်ဆေးရမယ်"ဟု ပြောသည်။

ထို့ပြင် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများစောင့် ရှောက်ရေးအဖွဲ့၏ Country Director MR. Paul က "သတင်း အချက်အလက်တွေက ဒေသခံ ဘာသာစကားတွေနဲ့လည်း ရရှိနိင်ရမယ်၊ ဖတ်ရလွယ်ကူတဲ့ ပုံစံမျိုး တွေ ဖြစ်ရမယ်၊ ရောဂါအကြောင်း သေသေချာချာ နားလည်တဲ့ ကျန်းမာရေး ဝန်ထမ်းတွေ၊ ဗော်လန်တီယာတွေ အနေနဲ့ သက်ကြီးရွယ်အိုတွေ သိချင်တဲ့ မေးခွန်းတွေကို ဖြေဆိုဖို့ အသင့်ရှိပြီး ရှင်းရှင်း လင်းလင်း ရှင်းပြပေးဖို့ လိုတယ်၊ ရိုးရှင်းတဲ့ တိုက်ရိုက် ညွှန်ကြားချက်တွေဖြစ်တဲ့ အိမ်မှာနေပါ၊ ချောင်းဆိုး(သို့မဟုတ်)နှာချေတဲ့အခါ တစ်သျှူးသုံးပါ၊ ခန္ဓာကိုယ်ခြင်း ထိတွေ့မှု ရှောင်ကြဉ်ပါ စတာတွေက တိုက်ရိုက်တော့ ကျပါတယ်၊ ဒါပေမယ့် ဒီလို အဆင့်တွေကို ဘာကြောင့် သူတို့ လုပ်ဆောင်ရတယ်ဆိုတာ သက်ကြီးရွယ်အိုတွေ နားလည်သိရှိဖို့ အရေး ကြီး ပါတယ်" ဟု ပြောသည်။ 

မြန်မာနိုင်ငံတွင် အသက် ၆၅ နှင့်အထက် သက်ကြီးရွယ်အို အရေအတွက်သည် သုံးသန်းနီးပါးရှိကြောင်း၊ ထို အရေအတွက်သည် နိုင်ငံ့လူဦးရေ၏ ၅.၈ ရာခိုင်နှုန်းရှိကြောင်း အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အို စောင့် ရှောက်ရေးအဖွဲ့က မတ်လ ၂၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။

တရုတ်နိုင်ငံ ရောဂါကာကွယ်ထိန်းချုပ်ရေးစင်တာ၏ အဆိုအရ COVID-19 ရောဂါကြောင့် သေဆုံးမှုနှုန်းသည် အသက် ၆၀ မှ ၆၉ နှစ်အတွင်းရှိ သက်ကြီးရွယ်အိုမှာ ၃ ရာခိုင်နှုန်းနှင့် အသက် ၈၀ အထက်မှာ ၁၄.၈ ရာခိုင်နှုန်း အထိ မြင့်တက်လျက်ရှိကြောင်း သိရသည်။ 

ယနေ့အချိန်ထိ COVID-19 ကြောင့် ကမ္ဘာတစ်ဝန်း သက်ကြီးရွယ်အို သေဆုံးမှု အရေအတွက်သည်  ၁၆၈၀၀ ကျော် ရှိပြီဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံမှာတော့ COVID-19 ရောဂါပိုး တွေ့ရှိသူ သုံးဦးရှိပြီး စောင့်ကြည့်လူနာနှင့်သံသယလူနာ ၂၇၅ ဦးရှိကြောင်း၊ ရောဂါပိုးတွေ့ရှိသူ သုံးဦးမှာ အသက်အရွယ်ကြီးရင့်သူများမဟုတ်ဘဲ လူလတ်ပိုင်းများထဲက ဖြစ်ကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required