အခြေခံစားသောက်ကုန်များကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးရန် ကုန်သည်အသင်းများ စီစဉ်နေ

အခြေခံစားသောက်ကုန်များကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးရန် ကုန်သည်အသင်းများ စီစဉ်နေ
ဝယ်ယူခဲ့သော ဆန်အိတ်ကို သယ်ယူနေစဉ် (ပုံ- ဒီမိုးသွေး(မြိတ်)

ရန်ကုန်၊မတ်လ ၂၆

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)အနေဖြင့် ညီနောင်အသင်း များဖြစ်ကြသည့် ဆန်နှင့်ဆီ ကုန်သည်များ စုပေါင်းကာ အခြေခံစားသောက်ကုန်ပစ္စည်းများကို ပြင်ပဈေးနှုန်းထက် ပိုမိုသက်သာသော နှုန်းထားဖြင့် လှိုင်သာယာမြို့နေ ပြည်သူများထံ ရောင်းချပေးသွားမည်ဖြစ်ကြောင်း မတ်လ ၂၆ ရက်က ထုတ်ပြန် ကြေညာခဲ့သည်။

အဆိုပါ အစီအစဉ်ကို UMFCCI မှ ညီနောင်အသင်းများဖြစ်သော မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်အသင်း၊ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းတို့မှ လှိုင်သာယာစက်မှုဇုန် စီမံခန့်ခွဲရေးကော်မ တီနှင့် ပူးပေါင်းကာ ဆောင်ရွက်ခြင်းဖြစ်သည်။

ထို အခြေခံစားသောက်ကုန် ပစ္စည်းများကို လှိုင်သာယာစက်မှုဇုန် စီမံခန့် ခွဲရေးကော်မတီရုံးရှေ့တွင် မတ်လ ၂၆ ရက်မှ စတင်ကာ ရောင်းချပေးသွားမည်ဟုလည်း သိရသည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်က“အဓိကကတော့ အခြေခံကျတဲ့ ပြည်သူလူထုတွေ ဖြစ်တဲ့ ဝန်ထမ်းတွေ၊ စက်မှုဇုန်တွေမှာ လုပ်ကိုင်နေကြတဲ့ အလုပ်သမားတွေအတွက်နဲ့ သူတို့ရဲ့ မိသားစုတွေအတွက် အခြေခံ စားသောက် ကုန်တွေကို သက်သာတဲ့ ဈေးနှုန်းနဲ့ဝယ်ယူနိုင်အောင် စက်မှုကုန်သည်အသင်းကနေ ဦးဆောင်ပြီး ညီနောင်အသင်းတွေ ပူးပေါင်းဆောင်ရွက်တာပါ။ ကျွန်တော်တို့ ဒီနေ့ကတော့ လှိုင်သာယာမြို့နယ်ကို အရင်စမှာဖြစ်ပြီး နောက်ထပ် စက်မှုဇုန် မြို့နယ်တွေကို ဆန်၊ ဆီနဲ့ ဆား စတဲ့ အခြေခံ စားသောက်ကုန်တွေကို ယူဆောင်ရောင်းချပေးသွားမှာပါ။”ဟု ပြောသည်။

မတ်လ ၂၆ ရက်တွင် လှိုင်သာယာမြို့နယ်တွင် အခြေခံ စားသောက် ကုန်များကို ရောင်းချပေးမည်ဖြစ်ပြီး နောက် ရက်များ၌ ရွှေလင်ပန်း၊ ရွှေပြည်သာနှင့် ဒဂုံဆိပ်ကမ်း စသည့် နေရာဒေသများရှိ ပြည်သူလူထုကို တလှည့် ဦးစားပေး ရောင်းချ ပေး သွားရန် စီစဉ်ထားကြောင်း ၎င်းက ပြောသည်။

ဦးရဲမင်းအောင်က“ ဒီနေ့ ပထမဆုံးစမ်းသပ်ရောင်းချရမှာဖြစ်တာကြောင့် ဘာတွေ ထပ်ပြီးလိုအပ်မလဲဆိုတာကို ကြည့်ပြီး စီစဉ်ရမှာပါ။ သွားတဲ့ အခါမှာလည်း ကားပေါ်မှာ ဆန်အိတ်ရေ ၁၀၀ နဲ့ ၂၀၀ ကြားလောက်ဘဲ ယူသွားမှာဖြစ်လို့ အိတ်ရေ များများ လိုချင်တဲ့ သူတွေရှိလာရင် ကုန်စည်ဒိုင် နဲ့ ချိတ်ဆက်ပြီး ရောင်းပေးနိုင်ဖို့ စီစဉ်ထားပါတယ်။ ဒါပြီးရင် ကျွန်တော် တို့ ရွှေလင်ပန်း၊ ရွှေပြည်သာ နဲ့ ဒဂုံဆိပ်ကမ်းတို့လို အခြေခံပြည်သူတွေဆီ ဦးစားပေးသွားဖို့ ရည်ရွယ်ထားသလို တခြား မြို့နယ်တွေကိုလည်း သွားနိုင်ဖို့ ပြင်ဆင်နေပါတယ်”ဟု ပြောသည်။

UMFCCI မှ စီမံခန့်ခွဲရေးအဖွဲ့ဝင် ဦးစန်းလင်းက  “ဒီနေ့စရောင်းမယ့် အခြေခံ စားသောက်ကုန်တွေထဲမှာ ဆန်နဲ့ဆီ အဓိက ပါပါမယ်။ ဈေးနှုန်းကတော့ ဆန်တစ်ပြည်ကို ၁၀၀၀ ကျပ်နှုန်းနဲ့ ရောင်းပေးမယ်ကြားတယ်။ ဆီကတော့ ကုမ္ပဏီတွေကနေ တိုက်ရိုက်ရောင်းတဲ့ဈေးနဲ့ 1 Liter (တစ်လီတာ) ဗူးတွေ ကို အပြင်ထက် သက်သာတဲ့ ဈေးနဲ့ ရောင်းချပေးမှာပါ။" ဟု ပြောသည်။

" လူတစ်ယောက်တည်းနဲ့ အများကြီးဝယ်တာမျိုးကို မလုပ်စေချင် ဘူး။ အဓိက လိုအပ်တဲ့ စားသုံးသူမျိုးကို ဦးစားပေးရောင်းချမယ် မဟုတ်ရင် တဆင့်ပြန်ရောင်းတာတွေ ရှိလာနိုင်လို့လေ။ အခုကျွန်တော်တို့ စက်ရုံ၊ အလုပ်ရုံ ဝန်ထမ်းတွေ ရုံးဆင်းမယ့်အချိန် ညနေ ၄ နာရီလောက်က စပြီးတော့ ရောင်းပေးမယ် ဒီနေ့ တစ်ရက်တည်းပါ”ဟု ၎င်းက ဆက် ပြောသည်။

 COVID-19 ရောဂါကြောင့် အများပြည်သူ ဝယ်ယူစားသုံးနေသည့် အခြေခံ စားသောက်ကုန်များ ဈေးကွက်အတွင်း ပြတ်လပ်နေခြင်းနှင့် ဈေးနှုန်း ကြီးမြင့်စွာ ရောင်းချနေမှုများကို ထိန်းသိမ်းနိုင်ရန်အတွက် ယခုလို ရောင်းချခြင်းဖြစ်သည်။  

ဤသို့ ရောင်းချပေးရာမှာလည်း မြို့နယ်/ ရပ်ကွက်အတွင်း ဖွင့်လှစ်ရောင်းချနေသည့် အိမ်ဆိုင်များ၊ လက်လီ/လက်ကား လုပ်ငန်းများ ထိခိုင်မှုမရှိစေရန်လည်း စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း  သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required