ဟုမ္မလင်းမြို့တွင် တရုတ်နိုင်ငံသား (၅)ဦး အပါအဝင် COVID-19 စောင့်ကြည့်လူနာ ၆ ဦးရှိ

ဟုမ္မလင်းမြို့တွင် တရုတ်နိုင်ငံသား (၅)ဦး အပါအဝင် COVID-19 စောင့်ကြည့်လူနာ ၆ ဦးရှိ
COVID-19 စောင့်ကြည့်လူနာများကို ပို့ဆောင်ပေးနေသော လူနာတင်ကား (ပုံ- Win Naing Htoon)

ရန်ကုန်၊ မတ်လ၂၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်တွင် တရုတ်နိုင်ငံသား ငါးဦး အပါအဝင် COVID-19 စောင့်ကြည့်လူနာ ခြောက် ဦးအထိ ရှိလာပြီဖြစ်ကြောင်း ဟုမ္မလင်းမြို ့နယ် ခုတင် ၁၀၀ ဆေးရုံမှ ဆေးရုံအုပ် ဒေါက်တာဝင်းနိုင်ထွန်းက မဇ္စျိမသို့ ပြောသည်။

ဟုမ္မလင်းမြို့နယ်တွင် ပထမဦးဆုံး COVID-19 စောင့်ကြည့်လူနာအဖြစ် မတ်လ ၂၂ ရက်နေ့က တရုတ်နိုင်ငံသား နှစ်ဦးနှင့် ထိုင်းမှ ပြန်လာသည့် မြန်မာနိုင်ငံသားတစ်ဦး၊ မတ်လ ၂၃ ရက်၌ တရုတ်နိုင်ငံသား တစ်ဦး၊ မတ်လ ၂၅ ရက်တွင် တရုတ်နိုင်ငံသားနှစ်ဦး ထပ်တိုးလာပြီး စုစုပေါင်း ၆ ဦး စောင့်ကြည့် ခံထားရကြောင်း ၎င်းက ဆိုသည်။

ဟုမ္မလင်းမြို ့နယ် ခုတင် ၁၀၀ ဆေးရုံအုပ် ဒေါက်တာဝင်းနိုင်ထွန်းက “ဟုမ္မလင်းဆေးရုံမှာ တရုတ်နိုင်ငံသား ၅ ဦး စောင့်ကြည့်နေတယ်ပေါ့၊ ထိုင်းနိုင်ငုံလာတဲ့ ကတ်သာရွာက ၁ ဦးနဲ့ဆို ၆ ဦးပေါ့”ဟု ပြောသည်။

အဆိုပါ တရုတ်နိုင်ငံသားများမှာ မြန်မာနိုင်ငံသို့ ရွှေတူးဖော်ရေး လုပ်ငန်းများကြောင့် ရောက်ရှိလာခြင်းဖြစ်ပြီး မြန်မာ နိုင်ငံသား တစ်ဦးမှာ  ထိုင်းနိုင်ငံမှ ပြန်လာခဲ့ခြင်းဖြစ်သည်ဟု စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရှမ်းတိုင်းရင်းသား ရေးရာဝန်ကြီး နန်းမွေးမွေးခင်က ပြောသည်။

“နိုင်ငံခြားသား ရွှေလာလုပ်တဲ့သူရှိမယ်၊ နောက်တစ်ခုက  နိုင်ငံခြားက အလုပ်လုပ်ပြီး ပြန်လာတာရှိတယ် အားလုံးက ကောင်းပါတယ်။ ကျွန်မတို့က WHO ရဲ့ Guide Line အတိုင်း လုပ်ရတာ ဆိုတော့လေ ကျန်းမာရေးဌာနကနေ ညွှန်ကြား ထားတဲ့အတိုင်း ကျွန်မတို့က စောင့်ကြည့်ရမှာပေါ့၊ ၁၄ ရက်  ပြည့်သွားရင် ပြဿနာမရှိပါဘူး၊ ခုထိတော့ ဘာမှမတွေ့ပါဘူး” ဟု ပြောသည်။

လက်ရှိတွင် စောင့်ကြည့်လူနာအားလုံး ကောင်းမွန်လျက်ရှိပြီး ထိုစောင့်ကြည့်လူနာ ခြောက်ဦးထဲမှ တစ်ဦးဦး ရောဂါ လက္ခဏာ ပြလာပါက သီးသန့်ထားနိုင်ရေး ပြင်ဆင်ထားသည်ဟု ဟုမ္မလင်းမြို ့နယ် ခုတင် ၁၀၀ ဆေးရုံမှ ဆေးရုံအုပ်  ဒေါက်တာဝင်းနိုင်ထွန်းက ပြောသည်။

COVID-19 စောင့်ကြည့်လူနာများကို ပို့ဆောင်ပေးနေသော လူနာတင်ကား (ပုံ- Win Naing Htoon)

“စောင့်ကြည့်တဲ့ ကာလမှာ သူတို့ တစ်ဦးဦးထဲက သူတို့ဖျားတယ်၊ ပြုတယ်ဆိုရင် သီးသန့်ဆေးရုံကို ခေါ်မယ်။ သီးသန့် Isolation အခန်းမှာ စောင့်ကြည့်မဟုတ်ဘဲ ကုသအခန်းမှာ ကုတင်လေးလုံးနဲ့ အခန်းလေးခန်း ပြင်ထားတယ်” ဟု ၎င်းက ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများကို နယ်မြေအလိုက် ကြီးကြပ်ဆောင်ရွက်ကြရန် တာဝန်များ ပေးထားပြီး ဟုမ္မလင်းမြို့သို့ ဝင်ရောက်လာသော နိုင်ငံခြားသားများနှင့် တခြားနိုင်ငံများမှ  ပြန်လာသော မြန်မာနိုင်ငံသားများကို စောင့်ကြည့်စစ်ဆေးမှုများ  ပြုလုပ်နေပြီဟု စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး နန်းမွေးမွေးခင်က ပြောသည်။

“စစ်ကိုင်းတိုင်းဆိုတော့ သိတဲ့အတိုင်းပဲ အိန္ဒိယဘက်က ဝင်လာနိုင်တဲ့ ဟာတွေရှိတယ်၊ နောက်ပြီးတော့ တရုတ်ပြည်ကနေ တဆင့် ကချင်ပြည်နယ်ကနေ ဝင်လာနိုင်တဲ့ သူတွေရှိတယ်။ အဲအပိုင်းမှာ ဆိုလို့ရှိရင်လည်း ကျွန်မတို့က ဂိတ်တွေ ဖွင့်ပြီး တော့မှ အဖျားတွေ စစ်ဆေးတာတွေ လုပ်မယ်၊ နောက်တစ်ခုကျတော့ ကျွန်မတို့က ပြည်ပကနေ အလုပ်လုပ်ပြီး ပြန်လာ တာ ကျောင်းတက်ပြီး ပြန်လာတာရှိတယ်၊ အဲတာတွေကိုလည်း ရပ်ကွက်တွေကို မှာထားပြီးသားပါ သတင်းပို့ဖို့ပေါ့။ အုပ်ချုပ်ရေးမှူးတွေကို ပြန်လာတယ် ဆိုလို့ရှိရင်လည်း သူတို့တွေကို Home Quarantine ထားမယ်။ ထားပြီးတော့မှ သူတို့တွေကို စောင့်ကြည့်ဖို့အတွက်  ကျေးရွာကတွေနဲ့ ပူပေါင်းပြီးတော့မှ စောင့်ကြည့်သွားမယ်”ဟု ၎င်းက ပြောသည်။

လက်ရှိတွင် တရုတ်နိုင်ငံသား ငါးဦးကို ဆေးရုံသံဃာဆောင်မှာထား၍ စောင့်ကြည့်နေပြီး ထိုင်းနိုင်ငံမှ ပြန်လာသည့် မြန်မာနိုင်ငံသား တစ်ဦးကိုမူ ရွာနှင့် မလှမ်းမကမ်းတွင်ထားကာ စောင့်ကြည့်နေသည်ဟု သိရသည်။

မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် (ခေါ်) COVID-19 ရောဂါ ကူးစက်ခံထားရသူ သုံးဦးရှိပြီး သံသယနှင့် စောင့်ကြည့် လူနာ အဖြစ် ၂၇၅ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက် စာရင်းများအရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly