ကိုရိုနာကြောင့် သေဆုံးသူဦးရေမှာ တရုတ်ထက် စပိန်က ပိုများလာ

ကိုရိုနာကြောင့် သေဆုံးသူဦးရေမှာ တရုတ်ထက် စပိန်က ပိုများလာ
Photo: AFP

စပိန်နိုင်ငံမှာ ကိုရိုနာကြောင့် သေဆုံးသူဦးရေဟာ ဗုဒ္ဓဟူးနေ့မှာ တရုတ်နိုင်ငံထက် ပိုများပြားလာခဲ့ပြီး ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း လူ ၇၃၈ ဦး သေဆုံးတာကြောင့် စုစုပေါင်း ၃၄၃၄ ဦးအထိ မြင့်တက်ရောက်ရှိလာခဲ့ကြောင်း အစိုးရက ပြောပါတယ်။

ကမ္ဘာတစ်လွှားမှာ စပိန်ထက် သေဆုံးနှုန်း ပိုများတဲ့နိုင်ငံဟာ အီတလီတစ်နိုင်ငံတည်း ရှိပါတယ်။ ပြီးခဲ့တဲ့နှစ်က ဗိုင်းရပ်စ် စတင်ပေါ်ပေါက်ခဲ့ရာ တရုတ်နိုင်ငံမှာက သေဆုံးသူ ၃၂၈၁ ဦး ရှိပါတယ်။

COVID-19 ကူးစက်ဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ရေး စပိန်နိုင်ငံမှာ မကြုံစဖူး အဝင်အထွက် lockdown ချထားတာ ၁၁ ရက်မြောက်မှာ သေဆုံးသူ တစ်ရိပ်ရိပ် တိုးလာခဲ့တာဖြစ်ပြီး ကူးစက်ဖြစ်ပွားသူပေါင်းလည်း ၄၇၆၁၀ ဦး ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

အာဏာပိုင်တွေက ဗိုင်းရပ်စ် စမ်းသပ်စစ်ဆေးမှုတွေ လုပ်ဆောင်နေရာမှာ အင်္ဂါနေ့မှာဆိုရင် ကူးစက်သူပေါင်းဟာ ၂၀ ရာခိုင်နှုန်းတိုးပြီး သေဆုံးသူပေါင်းကတော့ ၂၇ ရာခိုင်နှုန်း တိုးမြင့်ခဲ့ပါတယ်။

မတ် ၁၄ ရက်စပြီး ဧပြီ ၁၁ ရက်အထိ တစ်နိုင်ငံလုံး lockdown ချထားတာ ဖြစ်ပေမယ့် ကူးစက်သူနှုန်းနဲ့ သေဆုံးသူနှုန်းဟာ မြင့်တက်လျက် ရှိပြီး ဒီ သီတင်းပတ်မှာ အခြေအနေ ပိုဆိုးမယ်လို့ တာဝန်ရှိသူတွေက သတိပေးထားပါတယ်။

“ကူးစက်ဖြစ်ပွားမှု အမြင့်ဆုံးဆီအထိ ချည်းကပ်နေတော့တာ ဖြစ်တယ်။”ဟု ကျန်းမာရေးဝန်ကြီးဌာနရဲ့ အရေးပေါ် ပူးပေါင်းဆောင်ရွက်ရေး တာဝန်ရှိသူ ဖာနန်ဒိုစီမွန်က သေဆုံး၊ ကူးစက်သတင်း ကြေညာရာမှာ ပြောပါတယ်။

Lockdown ချတာဟာ ထင်သလို အကျိုးသက်ရောက်မှု ရှိမရှိဆိုတာကို မကြာမီမှာ ရှင်းရှင်းလင်းလင်း သိရလိမ့်မှာ ဖြစ်တယ်လို့ ကျန်းမာရေးအာဏာပိုင်တွေက ပြောခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ် ကူးစက်ဖြစ်ပွားမှုကို အဆိုးဆုံး ရင်ဆိုင်နေရတာကတော့ မက်ဒရစ်ဒေသပဲ ဖြစ်ပြီး ကူးစက်ဖြစ်ပွားသူဟာ တစ်နိုင်ငံလုံး အတိုင်းအတာရဲ့ သုံးပုံတစ်ပုံရှိပြီး ၁၄၅၉၇ ဦး ကူးစက်ခံထားရကာ သေဆုံးသူဦးရေကတော့ တစ်နိုင်ငံလုံးရဲ့ ၅၃ ရာခိုင်နှုန်းရှိပြီး ၁၈၂၅ ဦး သေဆုံးခဲ့တာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required