ရီးယဲလ်မက်ဒရစ်မှာ ကျနော့်ရဲ့ ပထမရာသီက ဆိုးရွားပေမယ့် အရာရာ အဆိုးကြီးတော့ မဟုတ်ပါဘူး - ဟာဇက်

ရီးယဲလ်မက်ဒရစ်မှာ ကျနော့်ရဲ့ ပထမရာသီက ဆိုးရွားပေမယ့် အရာရာ အဆိုးကြီးတော့ မဟုတ်ပါဘူး - ဟာဇက်
Photos: EPA

အေဒင် ဟာဇက်က ရီးယဲလ်မက်ဒရစ်မှာ သူ့ရဲ့ ပထမရာသီမှာ ရုန်းကန်ခဲ့ရတယ်လို့ သိရှိထားပေမယ့် မက်ဒရစ်မှာ သူ့ရဲ့ အောင်မြင်မှုကို လာမယ့် ရာသီမှာ ဆန်းစစ်ဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

ဘယ်လ်ဂျီယံလက်ရွေးစင်ဟာ နွေရာသီက ပြောင်းရွှေ့ကြေး ယူရိုသန်း ၁၀၀ (ပေါင် ၈၈ သန်း)နဲ့ ချယ်လ်ဆီးကနေ မက်ဒရစ်ကို ပြောင်းရွှေ့ခဲ့ပေမယ့် အမြဲတမ်းလို ဒဏ်ရာပြဿာနာကြောင့် ဘာနေဗျူးမှာ စွဲမက်တဲ့ ခြေစွမ်းပြသဖို့ ရုန်းကန်ခဲ့ရပါတယ်။

ဟာဇက်ဟာ ပြိုင်ပွဲစုံ ၁၅ ပွဲကစားရမှာ သွင်းဂိုး ၁ ဂိုးနဲ့ ဂိုးဖန်တီးမှု ၅ ကြိမ်သာ ပြုလုပ်ခဲ့ပြီး သူဟာ သူ့ရဲ့အကောင်းဆုံးအနေအထားမှာ ရှိမနေကြောင်း သိထားတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် အသက် ၂၉ နှစ်အရွယ်ကစားသမားက သူဟာ ဒုတိယရာသီမှာ ပုံစံကောင်းရရှိဖို့ အသင့်ဖြစ်နေလိမ့်မှာဖြစ်ပြီး ဒါကပဲ သူ့ရဲ့ အောင်မြင်မှုကို ဆုံးဖြတ်နိုင်မယ်လို့ ယုံကြည်နေပါတယ်။

"မက်ဒရစ်မှာ ကျနော်ရဲ့ ပထမရာသီက ဆိုးပါတယ်။ ဒါပေမယ့် အရာရာက အဆိုးကြီးတော့ မဟုတ်ပါဘူး။"လို့ ဟာဇက်က စပိန်သတင်းဌာန RTBF ကို ပြောပါတယ်။

"ဒါဟာ အသားကျဖို့ ကြိုးစားရတဲ့ ဘောလုံးရာသီဖြစ်ပါတယ်။ ဒုတိယရာသီမှ ကျနော့်ရဲ့ ခြေစွမ်းအမှန်ကို အဆုံးအဖြတ်ပေးမှာပါ။ လာမယ့်နှစ်မှာ ပိုကောင်းတဲ့ ပုံစံရရှိဖို့အတွက် ကျနော့်အပေါ်မှာပဲ မူတည်ပါတယ်။

"မက်ဒရစ်ရဲ့ အစုအဖွဲ့က ကောင်းပါတယ်။ ကျနော်ဟာ လူသစ်တွေနဲ့လည်း တွေ့ဆုံခဲ့တယ်။ ကျနော့်အတွက် အရမ်းကောင်းတဲ့ အတွေ့အကြုံသစ်တစ်ခုဖြစ်တယ်။ အသင်းနဲ့ ၄ နှစ်စာချုပ်သက်တမ်း ကျန်ပါသေးတယ်။ ပိုကောင်းတဲ့ ပုံစံနဲ့ ပြန်လာဖို့ ကျနော် မျှော်လင့်ထားပါတယ်။"

ဟာဇက်ဟာ နိုင်ငံမှာဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သူ့ရဲ့ မက်ဒရစ်နေအိမ်မှာ သီးခြားနေထိုင်နေပါတယ်။

လက်ရှိမှာတော့ စပိန်နိုင်ငံဟာ ဗိုင်းရပ်စ်ကူးစက်ခံရသူ စုစုပေါင်း ၅၀,၀၀၀ နီးပါးရှိပြီး လူအယောက် ၃,၆၄၇ ဦးအထိ သေဆုံးမှုမြင့်တက်နေပါတယ်။

Ref; Goal

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly