ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ နှစ်သောင်းကျော်၊ lockdown ချခံရသူပေါင်း သုံးဘီလီယံကျော်ရှိ

ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ နှစ်သောင်းကျော်၊ lockdown ချခံရသူပေါင်း သုံးဘီလီယံကျော်ရှိ
Photo: AFP

လူပေါင်း နှစ်သောင်းကျော် သေဆုံးရပြီဖြစ်တဲ့ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကို တွန်းလှန်နိုင်ရေး ကမ္ဘာ့အစိုးရတွေက ကြိုးပမ်းအားထုတ်လျက် ရှိတာကြောင့် ကမ္ဘာတစ်ဝန်းမှာ အပြင် မထွက်ရဘဲ lockdown ချခံရပြီး နေထိုင်နေရတဲ့ ဦးရေနှုန်းထားဟာ သုံးဘီလီယံကျော် သွားပြီဖြစ်ပါတယ်။

ဗိုင်းရပ်စ်ကူးစက်သူပေါင်း လေးသောင်းခွဲကျော်အထိ မြင့်တက်လာချိန်မှာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဂူတာရပ်စ်က တစ်ကမ္ဘာလုံး ပူးပေါင်းဆောင်ရွက်ကြမှပဲ ဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားမှုကို ရပ်တန့်နိုင်လိမ့်မယ်လို့ သတိပေး ပြောပါတယ်။

လွန်ခဲ့တဲ့ သုံးလက ပထမဆုံး ဗိုင်းရပ်စ် စတင်ပေါ်ပေါက်ခဲ့ရာ တရုတ်နိုင်ငံပြီးရင် အသေအဆုံး အများဆုံးဖြစ်တဲ့ စပိန်နိုင်ငံဟာ အီတလီပြီးရင် ဗိုင်းရပ်စ်ရဲ့ဘေးကို အဆိုးဝါးဆုံး ရင်ဆိုင်နေရတဲ့ နိုင်ငံပဲ ဖြစ်ပါတယ်။

နိုင်ငံနဲ့ နယ်မြေဒေသပေါင်း ၁၈၂ ခုမှာ လက်ရှိအထိ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေဟာ ၂၀၈၀၀ ကျော်အထိ ရှိသွားပြီဖြစ်ကြောင်း အေအက်ဖ်ပီက ကောက်ယူတဲ့ စာရင်းအရ သိရပါတယ်။

ယိမ်းယိုင်လာတဲ့ အမေရိကန်စီးပွားရေးကို မြှင့်တင်ပေးနိုင်ဖို့ အမေရိကန်ကွန်ဂရက်လွှတ်တော်ဟာ စီးပွားရေး ကုစားရေး ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၂ ဒသမ ၂ ထရီယံကို အတည်ပြုဖို့ ရှိနေတာကြောင့် စတော့ဈေးကွက်တွေကတော့ ပြန်လည်ဦးမော့လာခဲ့ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဗိုင်းရပ်စ်ကူးစက်မှုပေါင်း ၃၀၀၀၀ ကျော်ထက်မနည်း ရှိပြီး နိုင်ငံရဲ့ ရောဂါဗဟိုချက်ဖြစ်နေတဲ့ နယူးယောက်ပြည်နယ်ဟာ ရှေ့ဆက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ သီတင်းပတ် အနည်းငယ်ကို ရင်ဆိုင်ရဖို့ ရှိတယ်လို့ သတိပေးပေမယ့် သူ့အနေနဲ့ နိုင်ငံရဲ့ ဗိုင်းရပ်စ် ထိခိုက်မှုမရှိတဲ့ ကျန်နယ်မြေဒေသတွေမှာ လုပ်ငန်းကိုင်ငန်းတွေ ပြန်လည်ဖွင့်လှစ်ဖို့ သင့်မသင့်ကို မကြာမီ ဆုံးဖြတ်မယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဂူတာရပ်စ်က ကပ်ဘေးကို ရပ်တန့်နိုင်ရေးအတွက် တစ်ကမ္ဘာလုံးအနေနဲ့ အတူတကွ တားဆီးကြဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

“COVID-19 ဟာ လူသားကမ္ဘာ့ကို ခြိမ်းခြောက်နေတယ်။ ကမ္ဘာ့သူ ကမ္ဘသားတွေ အားလုံး ပြန်လည်တွန်းလှန်တိုက်ဖျက်ကြရမှာ ဖြစ်တယ်။”လို့ ကမ္ဘာ့ ဆင်းရဲတဲ့ နိုင်ငံတွေကို အကူအညီပေးဖို့ အမေရိကန်ဒေါ်လာ ၂ ဘီလီယံကို မေတ္တာရပ်ခံတောင်းဆိုရာမှာ ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly