ဗြိတိန်တော်ဝင် ချားလ်မင်းသား ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ

ဗြိတိန်တော်ဝင် ချားလ်မင်းသား ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ
Photo: EPA

ဗြိတိန်နိုင်ငံ၏ ထီးနန်းအမွေခံ အသက် ၇၁ အရွယ် ချားလ်မင်းသားတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိသော်လည်း လက်ရှိ၌ စကော့တလန်တွင် ကိုယ်တိုင်ရောဂါခြေချုပ်ဖြင့် နေထိုင်နေကာ ကျန်းမာရေး ကောင်းကောင်းမွန်မွန် ရှိသည်။

ဘုရင်မကြီး အဲယ်လိဇဘတ်၏ အကြီးဆုံး သားတော်ဖြစ်သူ ချားလ်မင်းသားသည် အပျော့စား ရောဂါလက္ခဏာသာ ပြသခြင်း ဖြစ်ပြီး ကျန်းမာရေးကောင်းမွန်ကာ စကော့တလန်က ၎င်း၏ အိမ်တော်မှပင် အလုပ်လုပ်ကိုင်လျက်ရှိသည်ဟု တော်ဝင်အိမ်တော်ရာတစ်ခုဖြစ်သည့် Clarence House က ထုတ်ပြန်သည်။ ချားလ်မင်းသား၏ ကြင်ယာတော် ကမ်မီလာတွင်မူ ကိုရိုနာဗိုင်းရပ်စ် မတွေ့ရှိပေ။

“ဝေလမင်းသား ချားလ်မှာ ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်တွေ့ရှိပါတယ်။ အပျော့စားရောဂါလက္ခဏာပဲ ပြပြီး ကျန်းမာရေး ကောင်းကောင်းမွန်မွန်ရှိပါတယ်။ ပုံမှန်အတိုင်းပဲ အိမ်ကနေပဲ အလုပ်လုပ်လျက် ရှိနေပါတယ်။”ဟု Clarence House မှ ထုတ်ပြန်သည်။

“ချားလ်မင်းသားရဲ့ ကြင်ယာတော်ဖြစ်သူ ကွန်ဝေါမြို့စားကတော်ကို စမ်းသပ်စစ်ဆေးခဲ့ပေမယ့် ဗိုင်းရပ်စ် တွေ့ရှိခြင်း မရှိပါ။”ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။
ဝေလမင်းသားအား တနင်္လာနေ့က စမ်းသပ်စစ်ဆေးခဲ့ခြင်းဖြစ်ပြီး ရလဒ်ကို အင်္ဂါနေ့က ရရှိခြင်းဖြစ်သည်ဟု တော်ဝင်သတင်းရင်းမြစ်တစ်ရပ်က ပြောသည်။ ချားလ်မင်းသားသည် ဘုရင်မကြီးနှင့်ရော သူ့ကလေးများနှင့်ပါ စကားပြောဆိုခဲ့သည်။

၎င်းက အသက် ၉၃ နှစ်အရွယ် ဘုရင်မကြီးဟာ ရာထူးအပ်နှင်းပွဲ အခမ်းအနားတစ်ရပ်တွင် မတ် ၁၂ ရက် နံနက်ပိုင်းက တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး ၎င်းကို ဗိုင်းရပ်စ် မကူးစက်မီ အစောပိုင်းအချိန်ကပဲ ဖြစ်သည်။

“ဘုရင်မကြီးရဲ့ ကျန်းမာရေးကတော့ ကောင်းကောင်းမွန်မွန် ရှိပါတယ်။ ဘုရင်မကြီးဟာ မတ် ၁၂ ရက် နံနက်ပိုင်းက ရာထူးအပ်နှင်းပွဲ အခမ်းအနားတစ်ခုမှာ ဝေလမင်းသားကို နောက်ဆုံး တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။”ဟု ဘတ်ကင်ဟမ်နန်းတော်က ထုတ်ပြန်သည်။

ချားလ်မင်းသားအနေဖြင့် ဗိုင်းရပ်စ်ကို အစောဆုံး မတ် ၁၃ ရက်က ကူးစက်ခြင်း ဖြစ်နိုင်ကြောင်း တော်ဝင်သတင်းရင်းမြစ်တစ်ရပ်က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly