သုံးယောက်မြောက် COVID-19 လူနာနှင့် လေယာဉ်အတူစီးလာသူမှာ ကျန်းမာရေးဦးစီးဋ္ဌာနသို့ ကိုယ်တိုင်လာရောက် အစစ်ဆေးခံခြင်းဖြစ်

သုံးယောက်မြောက် COVID-19 လူနာနှင့် လေယာဉ်အတူစီးလာသူမှာ ကျန်းမာရေးဦးစီးဋ္ဌာနသို့ ကိုယ်တိုင်လာရောက် အစစ်ဆေးခံခြင်းဖြစ်
Photo: AFP

မြန်မာနိုင်ငံတွင် သုံးယောက်မြောက် ကိုရိုနာဗိုင်းရပ်စ် COVID-19 လူနာနှင့် လေယာဉ်တစ်စီးတည်း စီးနင်းလာသည့် တောင်ဥက္ကလာပမြို့နယ်တွင် နေထိုင်သူသည် ကျန်းမာရေးဦးစီးဌာနသို့ ကိုယ်တိုင်လာ ရောက်စစ်ဆေးခံခဲ့ခြင်းဖြစ်ကြောင်း တောင်ဥက္ကလာပမြို့နယ်၊ ပြည်သူ့ ကျန်းမာရေးဦးစီးဋ္ဌာနမှ တာဝန်ရှိသူ ဒေါက်တာတစ်ဦးက ဆိုသည်။

“ဆေးရုံကို သွားပြပြီးတော့ ဆေးရုံကအိမ်ပြန်လွှတ်လိုက်ပြီးတော့ ၁၄ရက်စောင့်ကြည့်ဖို့ ထားတာလေ။ ဘာမှ ရောဂါလက္ခဏာမပြလို့ ပြန်လွှတ်လိုက်တယ်။ တောင်ဥက္ကလာ အမျိုးသမီးနဲ့ကလေးဆေးရုံကို သွားပြတယ်။ ပြပြီးတော့ အိမ်ကိုပြန်လွှတ်လိုက်တယ်။ လွှတ်ပြီးတော့မှ အစ်မတို့ကျန်းမာရေးဦးစီးဋ္ဌာနကို ရောက်လာတာ” ဟု တာဝန်ရှိသူက ဆိုသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက မတ်လ ၂၅ရက်၊ မနက် ၁နာရီက အင်္ဂလန်နိုင်ငံမှ ရောက်ရှိလာသည့် တတိယမြောက် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ လူနာထပ်မံတွေ့ရှိမှုကို ကြေညာခဲ့သည်။ 
သုံးဦးမြောက်တွေ့ရှိသည့်လူနာသည် အင်းစိန်မြို့နယ်၊တောင်သူကုန်းရပ်ကွက်၊ ကွင်းမွှေး(၃)လမ်းတွင်နေထိုင်သူ ဖြစ်ပြီး ၄င်းနှင့် အတူလေယာဉ်တစ်စီးတည်းစီးမိခဲ့သည့် ကိုအောင်ကျော်မင်း မှာ သတင်းကြားခြင်းကြောင့် ကိုယ်တိုင် တောင်ဥက္ကလာမြို့နယ်၊ အမျိုးသမီးနှင့် ကလေးဆေးရုံသို့ သွားရောက်စစ်ဆေးခံခဲ့ခြင်းဖြစ်သည်။

“သူက ဖျားလည်း မဖျားဘူး။ လက္ခဏာလည်း မပြဘူး။ မိသားစုဝင်လည်း မဟုတ်ဘူးလေ။ ဒီနေ့မနက်ပဲ စစ်ဆေး ခံတယ်။ သူ့ဘာသာလာ စစ်ဆေးခံတာ။ ဆေးရုံက ပြန်လွှတ်လိုက်ပြီးတော့မှ အစ်မတို့ ကျန်းမာရေးဦးစီးဌာနက ကျန်းမာရေးဝန်ထမ်းတွေက သွားစစ်ဆေးတာပါ။” ဟု ၄င်းက ဆိုသည်။

တောင်ဥက္ကလာပမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သစ်သစ်မြင့်ကလည်း တောင်ဥက္ကလာပမြို့နယ်၊ ၁၃ရပ်ကွက်နေ ၃၈ နှစ်အရွယ် ကိုအောင်ကျော်မင်းသည် အမျိုးသမီးနှင့်ကလေး ဆေးရုံသို့ ၄င်းဘာသာ သွားရောက်စစ်ဆေးခံခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။

ယနေ့နံနက်ပိုင်းတွင် ထွက်ပေါ်ခဲ့သည့်သတင်းများအရ ၄င်းလူနာသည် စစ်ဆေးခံခြင်းမရှိသည့်အတွက် ရဲတပ်ဖွဲ့က သွားရောက်ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။

ကျန်းမာရေးဌာနအနေဖြင့် လိုအပ်သည့်စစ်ဆေးမှုများပြုလုပ်နေပြီး Home Qurantine ထားရှိထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly