COVID-19 ကာကွယ်ရန် “ဝ” ဒေသကို အဝင်/အထွက်များ ယာယီပိတ်မည်ဟု UWSA ပြော

COVID-19 ကာကွယ်ရန် “ဝ” ဒေသကို အဝင်/အထွက်များ ယာယီပိတ်မည်ဟု UWSA ပြော
ပန်ခမ်းမြို့အတွင် အသွားအလာကို ကြီးကြပ်နေသော ရဲတပ်ဖွဲ့ဝင်တစ်ဦး (ပုံ- ကိုဇက်)

ရန်ကုန်၊ မတ်လ ၂၅

ကမ္ဘာ့ကူးစက်မြန်ရောဂါ ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှု ကြိုတင်ကာကွယ်ရေးအတွက် မနက်ဖြန်မှ စတင်ကာ “ဝ”ဒေသအတွင်း ပြည်တွင်း ဝင်ပေါက်၊ ထွက်ပေါက်များကို ယာယီပိတ်သွားမည်ဟု “ဝ”ပြည် သွေးစည်း ညီညွတ်ရေးတပ်(UWSA)၏ လားရှိုးမြို့ ဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းက ပြောသည်။

လက်ရှိ အချိန်ထိ “ဝ” ဒေသတွင် COVID-19 ရောဂါ သံသယလူနာ မတွေ့ရှိရသေးသော်လည်း မြန်မာပြည်တွင်းသို့ ပြည်ပမှ ပြန်လာသူ များပြားလာခြင်းကြောင့် ကြိုတင်ကာကွယ်ရန် လုပ်ဆောင်ခြင်း ဖြစ်သည်ဟု UWSA ဘက်က ပြောသည်။

ဦးညီရန်းက “မြန်မာပြည်ဘက်ပဲ။ မနက်ဖြန်ပေါ့ ၂၆ က စပိတ်မှာ။ ဘာကြောင့်လဲဆိုရင် နိုင်ငံခြားပြန်တွေ၊ နောက်ပြီး ယိုးဒယားကနေ ပြန်လာတဲ့ သူတွေက မတရားများ နေတယ်လေ။ ရောဂါပျံ့သွားမှာစိုးလို့ပါ”ဟု ပြောသည်။

UWSA ထိန်းချုပ်ထားရာ နယ်မြေမှာ တောင်ပိုင်းနှင့် မြောက်ပိုင်းကွဲပြားတည်ရှိနေရာ ပြည်တွင်းဆက်စပ်မှုအဖြစ်  ရှမ်းပြည်နယ် လားရှိုး၊ တာချီလိတ်နှင့် မိုင်းလားတို့မှ ဝင်ရောက်သွားလာနိုင်သည်။ မြောက်ပိုင်း ၀ ဒေသ သည်  တရုတ်နိုင်ငံနှင့်လည်း နယ်နမိတ်ချင်း ထိစပ်လျက်ရှိသည်။ 

တရုတ်ပြည်မဘက်ရှိ ဝင်ပေါက်များကိုရော ဖွင့်ထားမည်လားဟု မဇ္ဈိမက မေးမြန်းရာမှာတော့ ၎င်း အနေဖြင့် သေချာ မသိရသေးကြောင်း ဦးညီရန်းက ပြောသည်။ 

ထိုသို့ အဝင်/ အထွက် ပိတ်ပင်ခြင်းကို မည်သည့် အချိန်အထိ ဆောင်ရွက်သွားရန် ရှိသည်ကိုလည်း မသိရသေးဘဲ ရောဂါပျံ့နှံ့မှု အခြေအနေပေါ်သာ မူတည်ကြောင်း ၎င်းက ဆိုသည်။

တရုတ်နိုင်ငံ၊ ဝူဟန်မြို့တွင် ရောဂါစတင် ဖြစ်ပွားစဉ်ကတည်းက “ဝ” ဒေသအတွင်း ရောဂါကာကွယ်ရေးအဖွဲ့ ဖွဲ့စည်းကာ ဆောင်ရွက်လျက်ရှိခဲ့သည်ဟု UWSA ဘက်မှ ပြောသည်။

UWSA တပ်ဖွဲ့ဝင်များ (ပုံ-EPA)

“ဝ” ဒေသတွင် ပြီးခဲ့သည့် လပိုင်းကတည်းက နယ်စပ် အဝင်/အထွက် ဂိတ်များမှာ ကျန်းမာရေးစစ်ဆေးခြင်းကို တင်းတင်းကြပ်ကြပ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အမည်မဖော်လိုသူ ဒေသခံ တစ်ဦးက “ ဟုတ်တယ်၊ အဝင်/အထွက် ပိတ်ထားတယ်၊... အရင်တုန်း ကလို လွတ်လွတ်လပ်လပ် သွားလာလို့မရဘူး၊ စားသောက်ဆိုင်တွေတောင် သိပ်သွားလာလို့ မလွတ်လပ်တော့ဘူး၊ အိမ် ထဲမှာပဲ နေရတယ်”ဟု ပြောသည်။

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေး လုပ်ငန်းများအနေဖြင့် “ဝ” ဒေသအတွင်းနှင့် ဒေသပြင်ပ ခရီးသွားလာခြင်း၊ လူစုလူဝေး ပြုလုပ် ခြင်း၊ ပွဲလမ်းသဘင် ကျင်းပခြင်းတို့ကို ပိတ်ပင်ခဲ့ပြီး ဆက်လက်လည်း ဆောင်ရွက်နေကြောင်း သိရသည်။

လက်ရှိတွင် “ဝ”ဒေသကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၆(စ)အရ ရှမ်းပြည်နယ်ရှိ ဟိုပန်မြို့နယ်၊ မိုင်းမောမြို့နယ်၊ ပန်ဝိုင်မြို့နယ်၊ နားဖန်းမြို့နယ်၊ မက်မန်းမြို့နယ်နှင့် ပန်ခမ်း(ပန်ဆန်း)မြို့နယ် ခြောက်မြို့နယ်တို့ကို ခရိုင် နှစ်ခရိုင်ဖွဲ့ပြီး “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် သတ်မှတ်ပေးထားသည်။

ထိုအထဲမှ မြို့နယ်များအတွင်းမှ ပန်ဆန်း၊ မိုင်းမ၊ နားဖန်း၊ မိုင်းပေါက်၊ မိုင်းယန်း၊ ဟိုပန်၊ မက်မန်း၊ မိုင်းတုံ၊ မိုင်းဆတ်၊ တာချီလိတ်၊ မိုင်းပန်၊ မိုင်းယောင်း စသည့် ဒေသများသည် UWSA ထိန်းချုပ် နယ်မြေအတွင်း ပါဝင်ပြီး ဌာနချုပ်မှာ မြို့တော်ဟု သတ်မှတ်ထားသော ပန်ခမ်း (ပန်ဆန်း) မြို့မှာ တည်ရှိသည်။

UWSA သည် တပ်မတော်အစိုးရနှင့် ၁၉၈၉ ခုနှစ်က ငြိမ်းချမ်းရေး ရယူခဲ့ပြီးနောက် ၎င်း ထိန်းချုပ်နယ်မြေများအတွင်း ကိုယ်ပိုင် လက်နက်ကိုင်တပ် အပါအဝင် တရားရေးဌာန၊ ကျန်းမာရေးဌာန၊ လ.ဝ.ကဌာန၊ ရဲတပ်ဖွဲ့၊ ပညာရေးဌာန၊ အကောက်ခွန်ဌာန တို့ကို ဖွဲ့စည်းကာ ကိုယ်ပိုင်အုပ်ချုပ်လျက်ရှိသော “ဝ” လက်နက်ကိုင်အဖွဲ့ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly