မိုင်းတုံမြို့နယ်တွင် တပ်မတော်နှင့် RCSS တိုက်ပွဲဖြစ်

By စိုင်းဦး
25 March 2020
မိုင်းတုံမြို့နယ်တွင် တပ်မတော်နှင့် RCSS တိုက်ပွဲဖြစ်
RCSS/SSA တပ်ဖွဲ့ဝင်များ (ပုံ- Taifreedom)

ရန်ကုန်၊ မတ်လ ၂၅

ရှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ်တွင် တပ်မတော်နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြကြောင်း ရှမ်းအဖွဲ့ဘက်က ပြောသည်။
 
ယနေ့ ၂၀၂၀ ခုနှစ် မတ်လ ၂၅ ရက်နေ့ နံနက်ပိုင်းတွင်  မိုင်းတုံ အခြေစိုက် တပ်ရင်းများဖြစ်သည့် တပ်မတော်၏ အမှတ် ၂၇၇၊ အမှတ် ၂၂၅ ခြေလျင်တပ်ရင်း၊ အမှတ် ၅၁၉ ခြေမြန်တပ်ရင်းနှင့် RCSS/SSA တပ်ဖွဲ့ကြား မိုင်းတုံမြို့နယ် မိုင်းအစ် ကျေးရွာအနီး ဟိုနမ့်တောင်ကုန်း၌ ၃၀ မိနစ်ခန့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း RCSS ဘက်က ပြောသည်။

နှစ်ဖက် ထိခိုက်ကျဆုံးမှုကိုတော့ မသိရှိသေးဘူးဟု RCSS/SSA ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး စိုင်းခမ်းစံက ပြောသည်။

“မိုင်းတုံအခြေစိုက် တပ်ရင်း ၃ ခုထဲက သူတို့ စုပေါင်းစစ်ကြောင်းတွေက တက်လာတာ တက်လာတော့ ကျွန်တော်တို့ ရှိတဲ့ တပ်ဖွဲ့ ယာယီစခန်းချတဲ့နေရာပေါ့၊ ကျွန်တော်တို့နားထားတဲ့ နေရာကို သူတို့ရောက်လာတော့ ကြိုတင် အကြောင်းကြားမှု မရှိဘဲ ဝင်လာတာဆိုတော့ ကျွန်တော်တို့ ရှေ့ကာကင်းတွေနဲ့ လာတိုးပြီးတော့ တိုက်ပွဲဖြစ်တာ။ နာရီဝက်လောက်ဖြစ်ပြီး နှစ်ဘက်ပြန်လည် ငြိမ်သွားတယ်”ဟု ၎င်းက ပြောသည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားမှုနှင့် ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ထွန်းထွန်းညီကတော့ မိမိအနေနှင့် တိုက်ပွဲဖြစ်ပွားသည်ကို မသိသေးဘူးဟု ပြောသည်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ ရည်ရွယ်ချက် ရှိရှိ တိုက်ကြသည့် တိုက်ပွဲ မဖြစ်နိုင်ဘဲ နှစ်ဖက် ထိတွေ့ တိုက်ပွဲ အဆင့်သာ ဖြစ်နိုင်သည်ဟု ဆိုသည်။

“တိုးတိုက်မိကြတာနဲ့တူပါတယ်၊ ရည်ရွယ်ချက်ရှိရှိ တိုက်ကြခိုက်ကြတာ မဟုတ်ဘူးလို့ ထင်ပါတယ်။ ဒါကြောင့် ဒီကိစ္စ ကလည်း ပြေလည် သွားလိမ့်မယ်လို့ ထင်ပါတယ်၊ ညှိနှိုင်းလို့ အဆင်ပြေလိမ့်မယ်လို့ ထင်ပါတယ်”ဟု ၎င်းက ပြောသည်။

ထိုတိုက်ပွဲ ဖြစ်ပွားရသည့်  အကြောင်းအရင်းမှာ RCSS/SSA တပ်ဖွဲ့ဝင်များ လှုပ်ရှားလျက်ရှိသော နေရာများသို့ တပ်မတော် ဘက်မှ အကြောင်းကြားမှုမရှိဘဲ ဝင်လာခြင်းကြောင့် ထိတွေ့ တိုက်ပွဲဖြစ်ပွားရခြင်းဟု RCSS/SSA ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး စိုင်းခမ်းစံက ဆိုသည်။

 “အခု လောလောဆယ်တော့ တိုက်ပွဲက ငြိမ်သွားပြီခင်ဗျား၊ မြေပြင် အခြေအနေကတော့ ကျွန်တော် အတိအကျ မသိ ရသေးဘူး၊ ငြိမ်သွားပြီ ဆိုတာက ပြန်လည် ရင်ဆိုင်နေတာလား လူစုခွဲပြီးတော့မှ တိုက်ပွဲဖြစ်တဲ့ နေရာကနေ ရှောင်ထွက် သွားတာလားဆိုတာ အတိအကျ မသိရသေးဘူးခင်ဗျား။ အခြေအနေက တအားတင်းမာတဲ့ အဆင့်တော့ မရောက်ဘူး ခင်ဗျား”ဟု ၎င်းက ပြောသည်။

တပ်မတော်နှင့် RCSS ကြား ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်နှင့် ကျေးသီးမြို့နယ်အတွင်းမှာ ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇ ရက်မှ မတ်လ ၃ ရက်ထိ တိုက်ပွဲ ဖြစ်ပွားခဲ့သေးပြီး ဒေသခံ ရာနှင့်ချီ ထွက်ပြေး တိမ်းရှောင်ခဲ့ကြရသည်။

RCSS/SSA သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်က လက်မှတ်ထိုးထားသည့် ရှမ်းလက်နက်ကိုင်အဖွဲ့ ဖြစ်ပြီး လက်ရှိမှာလည်း အစိုးရ၊ တပ်မတော် အပါအဝင် တခြား သော လက်နက်ကိုင်အဖွဲ့များဖြင့် ပူးပေါင်း၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အကောင်အထည် ဖော်လျက်ရှိနေသည်။

RCSS သည် ထိုင်း-မြန်မာနယ်စပ် လွယ်တိုင်းလျဲန်မှာ ဗဟိုဌာနချုပ်အဖြစ်ထားကာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ တောင်ပိုင်း၊ အရှေ့ပိုင်းတို့မှာ စစ်ရေး လှုပ်ရှားလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags