ရွှေတိဂုံဘုရားတက်ရောက်ဖူးမြော်ချိန် ကန့်သတ်

မတ်လ ၂၅

COVID-19 ဗိုင်းရပ်စ်ကာကွယ်ရေးအတွက်  မတ်လ ၂၅ ရက်နေ့မှ စတင်ပြီး ရွှေတိဂုံစေတီတော်ကြီးပေါ်သို့တက်ရောက် ဘုရားဖူးမျှော်ခွင့် ကို နေ့စဉ် နံနက် ၉နာရီအချိန်မှာ ညနေ ၄ နာရီအထိ သာ သတ်မှတ်ထား ကြောင်းကို ရွှေတိဂုံဘုရားဂေါပကအဖွဲ့မှသိရသည်။

ရွှေတိဂုံစေတီတော်ဂေါပကရုံး ရုံးအဖွဲ့မှူး ဦးရဲအောင်နိုင် က“စေတီတော်ကြီး တစ်ခုလုံးကို နေရောင်ခြည် လွှမ်းမိုးနေတဲ့အချိန် မနက် ၉နာရီ ဆို ရောဂါပိုးပါလာတဲ့သူဖြစ်ဖြစ် အဲ့အပူချိန်နဲ့ သူ့ကိုအားနည်း သွားအောင် လုပ်ပြီး သားဖြစ်အောင် အဲဒါကြောင့်မို့ မနက် ၉ နာရီ ၊နောက် ညနေ ၄ နာရီ အပူလျော့ပြီး အအေးဝင်လာတဲ့အတွက် ရောဂါကို ကာကွယ်ရေးမှာ ပူးပေါင်းဆောင်ရွက်တဲ့အနေနဲ့ လူအများပြည်သူတွေအတွက်လည်း စောင့်ရှာက်ပြီးသား ဖြစ်အောင် မနက် ၉ နာရီကနေ ညနေ ၄ နာရီ ကိုသတ်မှတ်လိုက်တာပါ “ ဟုမဇ္ဈိမသတင်းဌာနကို ပြောသည်။

ဂေါပကအဖွဲ့အနေဖြင့် ရွှေတိဂုံစေတီတော်တွင် ဇန်နဝါရီလ တတိယအပတ်ထဲက စတင်ကာကွယ်ရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ကြောင်း နှင့် နိုင်ငံခြားသားများကိုအဓိက ဦးစားပေးအပူချိန်တိုင်းခြင်း တို့ကိုလုပ်ဆောင် ခဲ့ ကြောင်းသိရသည်။မုဒ်အဝင်ဝ ၄ ခုနှင့် ဓာတ်လှေကားအပေါက်အဝများတွင် လက်ဆေးရည်ပုလင်းဖြန်းခြင်းနှင့် အပူချိန်တိုင်းကိရိယာအလုံး၃၀ ဖြင့်စစ်ဆေးလျက်ရှိကြောင်းသိရသည်။

“စေတီတော်ကြီးမှာကျင်းပရန်ရှိတဲ့ဟာတွေအကုန် ရပ်ဆိုင်းထားတယ်။ သင်္ကြန်အတွင်းမှာလုပ်နေကြဖြစ်တဲ့ တရားစခန်းတွေကိုလည်းခေတ္တာ ဆိုင်းငံထားတယ်။ စုပေါင်းပြီး အမြဲတမ်းအပတ်စဉ် ဝတ်ရွတ်တဲ့အဖွဲ့တွေရှိတယ်။ ပရိတ်တွေရွတ်ကြတဲ့အဖွဲ့တွေရှိတယ်။ သူတို့ကိုလည်း မေတ္တာရပ်ခံပြီးတော့ တားထားပါတယ်။ အဓိဋ္ဌာန်မပျက်ချင်ရင်တော့ လူခွဲပြီးတော့ လုပ်ဖို့  ပြောထားပါတယ် “ ဟု ဦးရဲအောင်နိုင် က ထပ်မံဖြေကြားခဲ့သည်။

COVID-19 ဗိုင်းရပ်စ် ရောဂါကူးစက်ခံရမှုတွင် မြန်မာနိုင်ငံအနေဖြင့် စောင့်ကြည့်လူနာ ၂၃၅ ဦး နှင့်ရောဂါ ပိုးတွေ့ရှိသူ ၃ ဦး တို့ဖြစ်ကြောင်းကို မတ်လ ၂၄ ရက်ညပိုင်း က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန က သတင်း ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly