ကြမ်းတမ်းတဲ့ ဖျက်ထုတ်မှုတစ်ခုကြောင့် နေမကောင်းဖြစ်သွားခဲ့ရတယ်ဆိုတဲ့ ကွင်းလယ်ဒိုင်

ကြမ်းတမ်းတဲ့ ဖျက်ထုတ်မှုတစ်ခုကြောင့် နေမကောင်းဖြစ်သွားခဲ့ရတယ်ဆိုတဲ့ ကွင်းလယ်ဒိုင်

ဘောလုံးပြိုင်ပွဲတွေမှာ တာဝန်ထမ်းဆောင်ရတဲ့ ကွင်းလယ်ဒိုင်လူကြီးတွေဟာ ကစားသမားတွေလောက် အားမစိုက်ရဘူး၊ မပင်ပန်းဘူးဆိုပေမယ့် သူတို့မှာလည်း ဖိအားအပြည့်နဲ့ပါ။ ပွဲချိန်အတွင်းမှာ ဆုံးဖြတ်ချက်မှားသွားရင် ဝေဖန်မှုတွေနဲ့ရင်ဆိုင်ရမှာဖြစ်တဲ့အပြင် တချို့ဆိုရင် ကစားသမားတွေက လိုက်ပြီးရန်ရှာလို့ ကွင်းထဲကနေ ထွက်ပြေးခဲ့ရသူတွေတောင် ရှိခဲ့ပါတယ်။ တချို့ကလည်း မပြေးနိုင်လို့ အထိုးအကြိတ်ခံခဲ့ရတာတွေလည်း ရှိပါရဲ့။ ဘယ်လိုပဲဖြစ်ဖြစ် နာမည်ကျော် ဘောလုံးလိဂ်တွေမှာ တာဝန်ယူရတဲ့ ကွင်းလယ်ဒိုင်တိုင်းလိုလိုမှာတော့ မမေ့နိုင်တဲ့အဖြစ်အပျက်တွေ ရှိကြတာပါပဲ။

ဒီထဲမှာ ပရီးမီးယားလိဂ်ရဲ့ ဒိုင်လူကြီးဟောင်းတစ်ယောက်ဖြစ်တဲ့ မာ့ခ် ဟယ်လ်ဆေ လည်းအပါအဝင်ပါ။ TheSun သတင်းစာမှာ အားကစားကလောင်ရှင်တစ်ယောက် လုပ်နေပြီဖြစ်တဲ့ ဟယ်လ်ဆေ ဟာ (၁၉၉၉)ကနေ (၂၀၁၃)ခုနှစ်အထိ ပရီးမီးယားလိဂ် ဒိုင်လူကြီးတစ်ယောက်အဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး  သူ့ရဲဲ့ဘဝမှာ မမေ့နိုင်တဲ့ အမှတ်တရ တစ်ခုအကြောင်းကို အခုလို ပြောပြသွားပါတယ်။

အဲဒီအဖြစ်အပျက်ကတော့ ပြီးခဲ့တဲ့ (၇)နှစ််အကြာတုန်းက ကစားခဲ့တဲ့ ဝီဂန်အသင်းနဲ့ နယူးကာဆယ်အသင်းတို့ရဲ့ ပွဲစဉ်မှာဖြစ်ပြီး ဝီဂန်ကစားသမား မက်မန်နာမန် ဟာ နယူးကာဆယ်ရဲ့ ဟိုင်ဒရာ ကို ကြမ်းတမ်းတဲ့ ပုံစံနဲ့ ဖျက်ထုတ်ခဲ့ရာက စပါတယ်။

ဝီဂန်အသင်းရဲ့ အိမ်ကွင်းမှာ ကစားခဲ့တဲ့ အဲဒီပွဲစဉ်မှာ ဟယ်လ်ဆေ က ကွင်းလယ်ဒိုင်အဖြစ် တာဝန်ယူခဲ့ရတာဖြစ်ပြီး အဲဒီလို ကြမ်းတမ်းတဲ့အဖြစ််အပျက်ကို မမြင်ခဲ့လိုက်ပါဘူး။ အကြောင်းကတော့ သူ့ရဲ့မြင်ကွင်းမှာ ကစားသမားတစ်ယောက် ကွယ်နေခဲ့တာကြောင့်ဖြစ်ပြီး ဟယ်လ်ဆေအနေနဲ့ ကွင်းအတွင်းမှာ ဟိုင်ဒရာ တစ်ယောက် လဲကျနေတာကိုသာ တွေ့ခဲ့ရပြီး ဘာဖြစ်သွားမှန်း မသိခဲ့တာပါ။ သူ့အနေနဲ့ မက်မန်နာမန် ကိုလည်း အဝါကတ်တောင် မပြသနိုင်ခဲ့ပဲ ဒီအခြေအနေကို လက်လွှတ်ခဲ့ရပါတယ်။

ဒါပေမယ့် ဟိုင်ဒရာကတော့ ထမ်းစင်နဲ့ ခေါ်ထုတ်သွားခဲ့ရပြီး ဆေးရုံမှာ ကုသမှုခံရတဲ့အထိ ဖြစ်ခဲ့တာပါ။

ဟယ်လ်ဆေက  သူ့အနေနဲ့ အဲဒီပွဲစဉ်ဟာ ဆိုးရွားတဲ့မှတ်ဉာဏ်တစ်ခုအနေနဲ့ရှိနေဆဲဖြစ််ပြီး ပွဲအပြီးမှာ ကစားခဲ့တဲ့ ဗီဒီယိုဖိုင်ကို ပြန်ကြည့်လိုက်ချိန်မှာတော့ ဟယ်လ်ဆေတစ်ယောက် သူ့ရဲ့မမြင်လိုက်မှုအတွက် နောင်တရမိသွားခဲ့ပါတယ်။ သူက အဲဒီညမှာ အိပ်လို့မပျော်တော့တဲ့အပြင် ညစာကိုလည်း မစားနိုင်တော့ပါဘူး။

သူ့ရဲ့အနီးတဝိုက်မှာ ကစားသမားတစ်ယောက် ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားခဲ့ပေမယ့် အဲဒါကို မသိခဲ့မိတာကြောင့် သူ့ကိုယ်သူ အပြစ်တင်မိရင်း နေမကောင်းပါ ဖြစ်သွားရပါတော့တယ်။

နယူးကာဆယ် ပရိသတ်တွေကလည်း ဒီအဖြစ်အပျက်ကို မှတ်ထားခဲ့ကြပြီး နယူးကာဆယ်ပွဲစဉ်တွေကို ဟယ်လ်ဆေ ကိုင်တွယ်တဲ့အခါတိုင်း လှောင်ပြောင်မှုတွေ ပြုလုပ်ခဲ့ကြတာပါ။

ဒီအဖြစ်ကို နောင်တရလွန်းလို့ ဒိုင်လူကြီးအဖြစ်ကနေ နုတ်ထွက်လိုက်ဖို့တောင်စဉ်းစားခဲ့ဖူးတယ်လို့ ဟယ်လ်ဆေက ရင်ဖွင့်ပါတယ်။

အခုအချိန်မှာတော့ ဟယ်လ်ဆေ တစ်ယောက် ဖိအားတွေများလွန်းတဲ့ ဒိုင်လူကြီးအဖြစ်ကနေ အနားယူပြီး အားကစားကလောင်ရှင်တစ်ယောက်အဖြစ် ကူးပြောင်းသွားခဲ့ပါပြီ။ ဒါပေမယ့် သူ့မှတ်ဉာဏ်ထဲမှာ ကျန်ရှိနေသေးတဲ့ ဘောလုံးပွဲတွေထဲက အဖြစ်အပျက်တွေကတော့ ဘယ်တော့မှ ပျောက်သွားလိမ့်မယ် မထင်ပါဘူး…။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly