အကြမ်းဖက်အဖွဲ့ ကြေညာခြင်းက AA နှင့် တိုက်ပွဲများ ပိုများလာနိုင်ဟု အကဲခတ်များပြော

အကြမ်းဖက်အဖွဲ့ ကြေညာခြင်းက AA နှင့် တိုက်ပွဲများ ပိုများလာနိုင်ဟု အကဲခတ်များပြော

ရခိုင့်တပ်ဖွဲ့(AA) ကို မတရားအသင်းနှင့် အကြမ်းဖက်အဖွဲ့ဟု ကြေညာလိုက်ခြင်းနောက်ဆက်တွဲအဖြစ် တိုက်ပွဲများ ပိုများလာဖွယ်ရှိကြောင်း အကဲခတ်များက ပြောဆိုကြသည်။

AA အဖွဲ့၏ လုပ်ရပ်သည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို အနှောင့်အယှက်ဖြစ်စေကြောင်း သမ္မတက ယူဆသည့်အတွက် မတရားအသင်းအက် ဥပဒေပုဒ်မ (၁၆) အရ ် ပြည်ထဲရေးဝန်ကြီးဌာနက မတ်လ ၂၃ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

ယင်းအပြင် အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့ကလည်း အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ (၆) ပုဒ်မခွဲအရ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာကြောင်းလည်း ပါရှိသည်။

ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျူ့၏ အလုပ်အမှုဆောင် ညွန်ကြားရေးဒေါက်တာ မင်းဇော်ဦးက “ AA နဲ့ ပတ်သက်ပြီးတော့ ဒီလိုသတ်မှတ်ချက်ကတော့ အေအေနဲ့ ငြိမ်းချမ်းရေးရဖို့ကတော့ ပိုလို့အလှမ်းဝေးသွားပြီပေါ့။ ဒါကတော့ သဘောကတော့ တိုက်ခိုက်မှုတွေပိုလို များလာမယ့်သဘောဖြစ်တယ်။ ” ဟု ပြောသည်။

ရခိုင်မြောက်ပိုင်းနှင့် ပလက်ဝမြို့နယ်တွင် တပ်မတော်နှင့် AA တို့ ပြီးခဲ့ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလကတည်းက တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး လက်ရှိအချိန်ထိ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေဆဲ ဖြစ်သည်။

AA က ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ဒီဇင်ဘာလကုန်အထိ တိုက်ပွဲပေါင်း ၆၁၈ ကြိမ် ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအများဆုံးကာလမှာ အောက်တိုဘာလ ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

ယင်းအပြင် ၂၀၂၀ ခုနှစ် ဇန်နဝါရီလမှ ယခုမတ်လအထိ ရခိုင်မြောက်ပိုင်းနှင့် ပလက်ဝမြို့နယ်တွင်း တိုက်ပွဲပေါင်း ၇၀ ကျော် ဖြစ်ပွားခဲ့ကြောင်း တပ်မတော်နှင့် AA တို့၏ ထုတ်ပြန်ပြောဆိုချက်ကို လေ့လာချက်အရ သိရသည်။

တရားလွှတ်တော်ရှေ့နေ ဦးကြည်မြင့်ကလည်း “ဘယ်လိုအကြောင်းနဲ့ပဲဖြစ်ဖြစ် ကိုယ်က အားကြီးတဲ့သူပဲ။ ကိုယ်က ပြည်ထောင်စုစနစ်နဲ့ ဖဒရယ်စနစ်ကိုလာ၊ သေချာလက်တွေ့ကျကျဆောင်ရွက်မယ်၊ ၂၀၀၈ ကိုလည်း ပြင်ပေးမယ်ဆိုရင်၊ အခုက မျှော်လင့်ချက်မရှိတော့ဘူးလေ။ ၂၀၀၈ ကိုလည်း မပြင်တော့ဘူးလေ။ ဒီအတိုင်းထားမယ်ဆိုလို့ရှိရင် စစ်တိုက်ဖို့ကလွဲလို့ မရှိတော့ဘူး။ လူမျိုးစုနည်းတွေမှာလည်း အဲဒီအကျင့်ရှိတယ်။” ဟု ပြောသည်။

အရင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တချို့ကို မတရားအသင်းအဖြစ်သာ အစိုးရက သတ်မှတ်ခဲ့သော်လည်း AA ကို မတရားအသင်းအပြင် အကြမ်းဖက်အုပ်စုအဖြစ်ပါ သတ်မှတ်ကြေညာခြင်းမှာ ယခုပထမဆုံး အကြိမ်ဖြစ်သည်ဟု ဦးကြည်မြင့်က ပြောသည်။

“ဘယ်လိုပဲဖြစ်ဖြစ် ဒီထက်ဆိုးဝါးအောင် လုပ်မယ့်အစား စစ်တပ်က လိုက်လျှောသင့်တဲ့ဟာကို၊ ဖယ်ဒရယ်ပေးမယ်ဆိုလည်း လက်တွေ့ပေးပါ။ ဆရာတို့က အဲလိုပြောချင်တယ်။" ဟု ဦးကြည်မြင့်က ပြောသည်။

တစ်ဖက်မှာလည်း AA အပါအဝင် အပစ်ခတ်ရပ်စဲရေးစာချုပ် လက်မှတ် မထိုးရသေးသော မြောက်ပိုင်းမဟာမိတ်လေးဖွဲ့နှင့် ပဏာမအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးနိုင်ရေး ညှိနှိုင်းဆွေးနွေးနေဆဲ ကာလလည်း ဖြစ်သည်။

နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးကျော်ဝင်းကလည်း ငြိမ်းချမ်းရေး အလားအလာမကောင်းဟုဆိုသည်။

“ငြိမ်းချမ်းရေး အလားအလာကတော့ မကောင်းဘူးပေါ့ဗျာ။ ဘယ်သူ့ ဘယ်သူမှတော့ အပြစ်မတင်တော့ပါ။ ဒါပေမယ့် စစ်ဖြစ်နေမှတော့ တစ်ဖက်တစ်ဖက် ချကြတော့မှာပဲ။ အါကြောင့် ဖြစ်နိုင်ရင်တော့ စစ်ဆိုတာ မဖြစ်စေချင်ဘူး။ အခုလိုဖြစ်သွားတော့လည်း ဘယ်သူ့ဘယ်သူမှ သိပ်အပြစ်မတင်ချင်တော့ဘူး။ မတရားအသင်းကြေညာလဲ ကြေညာပေါ့ဗျာ။ ဘယ်လိုအခြေနေပဲ ဖြစ်ဖြစ် ငြိမ်းချမ်းရေးစကားဝိုင်းကို ရောက်အောင်တော့ ကြိုးစားသင့်တယ်လို့ ထင်တယ်။” ဟု ပြောသည်။

AA ကို ၂၀၀၉ ခုနှစ်က ဧပြီလက စတင်ပြီး ကချင်လွတ်မြောက်ရေးတပ် (KIA) ထိန်းချုပ်ရာနယ်မြေ လိုင်ဇာတွင် စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။  ယင်းနောက် အေအေ သည် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်ကစတင်ပြီး ရခိုင်ပြည်နယ်မှာ အခြေချနိုင်ရေး ကြိုးစားလာခဲ့ပြီးနောက် တပ်မတော်နှင့် AA တို့ ထိတွေ့တိုက်ပွဲ ပြင်းထန်လာခဲ့သည်။

တိုက်ပွဲများကြောင့် ရခိုင်မြောက်ပိုင်းတွင် စစ်ဘေးရှောင် ဦးရေ နှစ်သိန်းနီးပါး ခိုလှုံနေရပြီး ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင်ပင် တိုက်ပွဲရှောင် ဦးရေ ၂၅၀၀ ကျော် ရှိနေပြီဖြစ်ကြောင်း လူမှုအရပ်ဖက်အဖွဲ့အစည်းများထံမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required