မြိတ်ဆေးရုံတွင် ထိုင်းပြန် မြန်မာအလုပ်သမားများအနက် COVID-19 စောင့်ကြည့်လူနာ တစ်ဦးနှင့်သံသယလူနာ တစ်ဦးတွေ့ရှိ

မြိတ်ဆေးရုံတွင် ထိုင်းပြန် မြန်မာအလုပ်သမားများအနက် COVID-19 စောင့်ကြည့်လူနာ တစ်ဦးနှင့်သံသယလူနာ တစ်ဦးတွေ့ရှိ

မြိတ်၊ မတ် ၂၅

မြိတ်မြို့ပြည်သူ့ဆေးရုံတွင် ထိုင်းနိုင်ငံမှပြန်လည်ရောက်ရှိလာသည့် မြန်မာအလုပ်သမားများအနက် ကိုရိုနာဗိုင်းရပ်စ်(COVID-19) စောင့်ကြည့်လူနာတစ်ဦးနှင့် သံသယ လူနာတစ်ဦးတို့ကို တွေ့ရှိထားကြောင်း ဆေးရုံအုပ်ကြီးက ပြောသည်။
 
အဆိုပါ လူနာ နှစ် ဦးမှာ မြိတ်မြို့နယ်၊ရေမြစ်ကြီးကျေးရွာနှင့် သမုတ်ကျေးရွာတို့မှ ဖြစ်ပြီး ၎င်းတို့ နှစ်ဦးသည် ယခုရက်ပိုင်းအတွင်း ထိုင်းနိုင်ငံ၊ရနောင်းနှင့် ပရာကျွတ်နယ်စပ်စိတ်တို့မှ ပြန်လည်ဝင်ရောက် လာသူများ ဖြစ်သည်။

“ အဖျားနှင့်ချောင်းဆိုးခြင်း  အနည်းငယ်ရှိနေပါတယ်။ဆေးရုံတွင် စောင့်ကြည့် လူနာဖြင့်စမ်းသပ် စစ်ဆေးမှုများ ပြုလုပ်နေပါတယ်။  နောက်ပြီး ကျန်တစ်ဦးက သံသယလူနာပါ။မြိတ်ဆေးရုံမှာ သီးခြားအဆောင် နှစ် ခုမှာ ကျန်းမာရေး စောင့်ရှောက်ကုသမှုပြုလုပ်ပေးနေပါတယ်”ဟု မြိတ်ပြည်သူဆေးရုံကြီးမှ ဆေးရုံအုပ် ဒေါက်တာသန္တာမျိုးဝင်းက ပြောဆိုသည်။

လက်ရှိတွင်  ၎င်းလူနာ နှစ် ဦးအား မြိတ်ပြည်သူဆေးရုံကြီးတွင် ကောင်းမွန်စွာကုသဆောင်ရွက်ပေးနေပြီး၊ ပြည်သူများအကြား ကောလဟာလသတင်းများထွက်ရှိနေသည့်အတွက် မယုံကြည်ကြရန်နှင့်စိုးရိမ်မှု မထား ရှိရန်လိုအပ်ကြောင်း၊ မြိတ်အခြေစိုက် သတင်းထောက်များ၏ဖော်ပြပါ သတင်းဌာနများမှ ထွက်ရှိလာသည့် သတင်းများကိုသာ စောင့်ကြည်ရန်နဲ့ အချိန်နဲ့ တပြေးညီ သတင်းထုတ်ပြန်ပေးသွားမည်ဟု ဆေးရုံအုပ် ဒေါက်တာ သန္တာမျိုးဝင်းက ပြောကြား သည်။

ထိုင်းနိုင်ငံနှင့်ထိစပ်နေသည့် တနင်္သာရီတိုင်းအတွင်းရှိ နယ်စပ်ဂိတ်အားလုံးကို ပိတ်ထားခြင်းကြောင့် ယခု ရက်ပိုင်းအတွင်း ပြန်တော်ပြန်မြန်မာအလုပ်သမားများသည် ခိုးဝင်ဂိတ်များမှတဆင့် အများအပြား ဝင်ရောက် နေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly