COVID-19 မကူးရေး နိုင်ငံရပ်ခြားမှ ပြန်ဝင်လာသူများကို စောင့်ကြည့်နေဟု KNU/KNLA-PC ပြော

COVID-19 မကူးရေး နိုင်ငံရပ်ခြားမှ ပြန်ဝင်လာသူများကို စောင့်ကြည့်နေဟု KNU/KNLA-PC ပြော
KNU/KNLA-PC မှ အရာရှိများကိုတွေ့ရစဉ်(Photo- KIC)

ရန်ကုန်၊ မတ် ၂၅

မြန်မာနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် (ခေါ်) COVID-19 ရောဂါ ကူးစက်မှုများ ရှိလာသည့်အတွက် ထိုင်းနိုင်ငံ အပါအဝင် နိုင်ငံရပ်ခြားမှ ပြန်လည် ဝင်ရောက်လာသူများကို အထူးဂရုထား စောင့်ကြည့် စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု ကရင် အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးအဖွဲ့-ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)မှ ပြောခွင့်ရပုဂ္ဂိုလ် စောလားက မဇ္စျိမသို့ ပြောသည်။

တပ်ဖွဲ့ဝင် မိသားစုများအတွင်း (သို့မဟုတ်) မိမိနေထိုင်ရာဒေသရှိ ပြည်သူများအတွင်း ထိုင်းနိုင်ငံ အပါအဝင် တခြား နိုင်ငံများသို့ သွားရောက် အလုပ်လုပ် ကိုင်ကြသူများအနေဖြင့် COVID-19 ကာကွယ်ရေး ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ကြရန် KNU/KNLA-PC က မတ်လ ၂၄ ရက်နေ့စွဲဖြင့် ထုတ်ပြန် နှိုးဆော်ထားသည်။

KNU/KNLA-PC ပြောခွင့်ရပုဂ္ဂိုလ် စောလားက “ကျွန်တော်တို့လည်း စောင့်ကြည့်နေတယ်လေ။ ပုံမှန်အဖွဲ့တွေလည်း ရှိတယ်။ အခုပိုပြီး ဂရုစိုက်တာပေါ့” ဟု မဇ္ဈိမသို့ ပြောသည်။

မြန်မာနိုင်ငံသားများ အနေဖြင့် မြဝတီနယ်စပ်ဂိတ်နှင့် တခြားနေရာများမှ မြန်မာပြည်တွင်းသို့ ဝင်ရောက်ကာ သက်ဆိုင်ရာ ဒေသအသီးသီးတွင် နေထိုင်နေကြသည့်အတွက် ယခုလို ထုတ်ပြန် နှိုးဆော်ရခြင်း ဖြစ်သည်ဟုလည်း KNU/KNLA-PC ဘက်က ပြောသည်။ 
စောလားက “ဒေါ်အောင်ဆန်းစုကြည်ကလည်းပြောထားတယ်လေ ထုတ်ပြန်ချက်တွေလည်းရှိတယ်။ အဲ့ဒီ အတိုင်လုပ်ရမှာ”ဟု ဆိုသည်။

ပြည်တော်ပြန်များ အနေဖြင့် မိမိနေထိုင်ရာ အရပ်တွင် ၁၄ ရက်ခန့် အပြင်မထွက်ဘဲ စောင့်ကြည့်ရန် အပါအဝင် ဒေသခံ ကျန်းမာရေး စောင့်ရှောက်မှု အဖွဲ့အစည်းများ၏ ညွှန်ကြားချက်များအတိုင်း နေထိုင်ကြရန် မတ်လ ၂၄ ရက်က KNU/KNLA-PC မှ ၎င်းတို့၏ ဗျူဟာမှူး၊ တပ်ရင်းမှူး၊ ဌာနဆိုင်ရာတာဝန်ခံများ အားလုံးသို့ ညွန်ကြားချက် ထုတ်ပြန်ခဲ့သည်။

ထိုင်းဘက်ကနေ မြန်မာဘက်ကို ပြန်ဝင်လာနေသည့် မြန်မာများကို လွှတ်တော်အမတ် အသိပညာပေးနေစဉ်(Photo- Thant Zin Aung)

အဆိုပါ ညွှန်ကြားချက်များကို အောက်ခြေတပ်ဗိုလ်၊ တပ်မှူး အဆင့်ဆင့်သို့ အချိန်နှင့်တပြေးညီ ဆက်လက် ဆောင်ရွက် အသိပေးသွားရန်လည်း KNU/KNLA-PC က ဆိုထားသည်။

KNU/KNLA-PC သည် အစိုးရနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)လက်မှတ်ထိုးထား သည့် ကရင်လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး ၎င်းသည် ကရင်ပြည်နယ်နှင့် ထိုင်းနယ်စပ်အနီးတွင် လှုပ်ရှားလျက်ရှိသည်။

လတ်တလော ရက်ပိုင်းအတွင်းမှာပဲ ကရင်ပြည်နယ် မြဝတီနှင့် ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်က မဲဆောက်တို့ကို ထိဆက်ထား သော မြဝတီ-မဲဆောက် နယ်စပ်ဂိတ်မှာ ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံကို ပြန်လည်ဝင်ရောက်ရန် ကြိုးပမ်းနေသော ထိုင်းရောက် မြန်မာ ထောင်နှင့်ချီရှိနေပါသည်။

ထိုသူများထဲမှ ၁၀ ဦးကျော်လောက်သည် ကိုယ်ပူချိန် မြင့်မားခြင်းနှင့် ချောင်းဆိုး၊ နှာစေးခြင်းကြောင့် ၁၄ ရက် စောင့်ကြည့် ခံရမှု ရှိကြောင်း သိရသည်။

လက်ရှိ၌ မြန်မာနိုင်ငံတွင် သံသယနှင့် စောင့်ကြည့်လူနာ ၁၃၀ ကျော် ရှိပြီး မတ်လ ၂၅ ရက်အထိ COVID-19 ကူးစက် ခံထားရသူ ၃ ဦးရှိကြောင်း ကျန်မာရေးဝန်ကြီးဌာနက ထုတ်ပြန် ကြေညာထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required