ကိုရိုနာဗိုင်းရပ်စ် lockdown ချတာက တိုင်းပြည်ကို ပျက်စီးစေနိုင်လို့ ထရမ့် သတိပေး

ကိုရိုနာဗိုင်းရပ်စ် lockdown ချတာက တိုင်းပြည်ကို ပျက်စီးစေနိုင်လို့ ထရမ့် သတိပေး

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် lockdown ချတာကို ဧပြီလလယ်မတိုင်ခင် သူ့အနေနဲ့ ဖြေလျော့ပေးလိုကြောင်း အင်္ဂါနေ့က ပြောရင်း ဒီလို lockdown ချထားတာက တိုင်းပြည်ကို ပျက်စီးစေနိုင်လိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။

“ပြည်သူ တော်တော်များများက ကျွန်တော်နဲ့ သဘောထား တူညီကြတယ်။ ကျွန်တော်တို့ တိုင်းပြည်ဟာ အားလုံကို ချိတ်ပိတ်ထားတာ မဟုတ်ဘူး။ အဝင်အထွက်တွေ၊ လုပ်ငန်းတွေ ပိတ်ထားတာမျိုးက နိုင်ငံကို ပျက်စီးစေနိုင်တယ်။”လို့ Fox News သတင်းဌာနကို ထရမ့်က ပြောပါတယ်။

“ကျွန်တော်အနေနဲ့ နိုင်ငံကို ပြန်ဖွင့်တာမျိုးကို အလိုလားဆုံးပဲ။ အီစတာပွဲ မတိုင်ခင် ပြန်ဖွင့်နိုင်တာမျိုးကို စိုင်းပြင်းသွားဖို့ ရှိတယ်။”လို့ ထရမ့်က ပြောပါတယ်။ အီစတာပွဲတော်ဟာ ဧပြီ ၁၂ ရက်မှာ ကျရောက်မှာ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံ နယ်မြေဒေသ တော်တော်များများမှာ လူစုလူဝေးနဲ့ အသွားအလာတွေကို တားမြစ်ထားပြီး ရောဂါခြေချုပ်တွေ ချမှတ်ထားတာကြောင့် ကမ္ဘာ့စီးပွားရေးအကြီးဆုံးနိုင်ငံမှာ ရုတ်ခြည်း တန့်ရပ်မှုတွေ ဖြစ်နေပါတယ်။

အဝင်အထွက်ပိတ် lockdown ချတာက ဗိုင်းရပ်စ် အလွယ်တကူ ကူးစက်မှုကို တားဆီးနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းဖြစ်တယ်လို့ ကျန်းမာရေးပညာရှင်တွေက အကြံပြုထားတာ ဖြစ်ပါတယ်။

အိမ်ဖြူတော်မှာ ပြုလုပ်တဲ့ Fox သတင်းဌာနနဲ့ အင်တာဗျူးမှာ ထရမ့်က lockdown ချတာဟာ ပိုလွန်တဲ့ တုံ့ပြန်ဆောင်ရွက်မှုလို့ ပြတ်ပြတ်သားသား ဆိုပါတယ်။

“ကျွန်တော်တို့မှာ တုပ်ကွေးကြောင့် တစ်နှစ်တစ်နှစ်ကို ထောင်ပေါင်းများစွာ အသက်ဆုံးရှုံးနေတယ်။ ဒါပေမယ့် တိုင်းပြည်ကို မပိတ်ခဲ့ဘူး။”လို့ ထရမ့်က ငြင်းချက်ထုတ်ပါပတယ်။

“ယာဉ်မတော်တဆမှုတွေကြောင့် ဒီထက်ပိုပြီး အသက်တွေ ပိုပြီး ဆုံးရှုံးနေတယ်။ ဒါပေမယ့် ကျွန်တော်တို့ဟာ ကားကုမ္ပဏီတွေကို ခေါ်ပြီး ‘ကားထုတ်လုပ်တာတွေ ရပ်ပါ။ နောက်ထပ် ထပ်ပြီး ကားတွေ မလိုချင်တော့ဘူး။’ဆိုပြီး မပြောခဲ့ပဘူး။”လို့ ထရမ့်က ပြောခဲ့ပါတယ်။

အမေရိကန်နိုင်ငံ တစ်လွှားမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ဦးရေဟာ လက်ရှိအထိ ၇၈၂ ရှိပြီး ကူးစက်ဖြစ်ပွားသူဦးရေဟာ ၅၄၆၈၇ ဦးအထိ ရှိနေပြီဖြစ်ကြောင်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly