ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထိုင်းနိုင်ငံမှာ အရေးပေါ် အခြေအနေ ပြဋ္ဌာန်းရန် အတည်ပြု

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထိုင်းနိုင်ငံမှာ အရေးပေါ် အခြေအနေ ပြဋ္ဌာန်းရန် အတည်ပြု

အရှေ့တောင်အာရှ ထိုင်းနိုင်ငံမှာ ပြည်သူရာပေါင်းများစွာ ကူးစက်ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်ရေး တင်းကြပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေ ချမှတ်ကျင့်သုံးနိုင်အောင် တစ်လတာ အရေးပေါ်အခြေအနေကို ပြဋ္ဌာန်းဖို့ကို ထိုင်းအစိုးရက အင်္ဂါနေ့မှာ အတည်ပြုလိုက်ပါတယ်။

ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ၎င်းတို့ အစိုးရအနေနဲ့ ကြာသပတေးနေ့မှာ စတင်အသက်ဝင်မယ့် အရေးပေါ်အခြေအနေကို အတည်ပြု ဆုံးဖြတ်ခဲ့ကြောင်း ပြောပါတယ်။

ခုလို အရေးပေါ်အခြေအနေကို အတည်ပြုလိုက်ပြီဖြစ်တာကြောင့် အစိုးရအနေနဲ့ ကာဖျူးမိန့်တွေ ပြဋ္ဌာန်း အကောင်အထည်ဖော်တာ၊ မီဒီယာကို ဆင်ဆာဖြတ်တောက်တာ၊ လူစုလူဝေးတွေကို လူစုခွဲတာနဲ့ ဥပဒေတွေ အသက်ဝင်ဖို့ စစ်တပ်ဖြန့်ကြက်တာတွေအတွက် လုပ်ပိုင်ခွင့်အာဏာတွေ ရရှိလာမှာ ဖြစ်ပါတယ်။ အရေးပေါ်အခြေအနေရဲ့ တိကျတဲ့ စီမံချက်တွေနဲ့ ပတ်သက်တဲ့ အသေးစိတ်ကိုတော့ နောက်ပိုင်းမှာ ထုတ်ပြန်သွားဖို့ ရှိနေပါတယ်။

ရုပ်မြင်သံကြားကနေ ပြောကြားတဲ့ မိန့်ခွန်းမှာ ပရာယွတ်ချန်အိုချာက သူ့အနေနဲ့ အဝင်အထွက်တွေပိတ် lockdown ချဖို့ကိုတော့ မလုပ်ဆောင်သေးကြောင်း တိုင်းပြည်ကို အာမခံပြောကြားပါတယ်။ အခု အရေးပေါ်အခြေအနေ ကြေညာတာကလည်း နယ်မြေဒေသသစ်တွေမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားတာကို လျှော့ချနိုင်ဖို့အတွက် ဖြစ်တယ်လို့ ၎င်းက ပြောပါတယ်။

“ပြည်သူတွေထဲက တစ်ချို့ဟာ လိုအပ်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေမှာ ပါဝင်လာပါလိမ့်မယ်။ ဒါမှမဟုတ်လည်း အမိန့်တွေကို နာခံရမှာပဲ ဖြစ်တယ်။”လို့ ပရာယွတ်က ပြောရင်း ပြည်သူတွေ ပူးပေါင်းဆောင်ရွက်မှု ရှိမရှိပေါ် မူတည်ပြီး lockdown ချတာမျိုးလို တင်းကြပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေ ကျင့်သုံးသင့်မသင့်ကို ဆုံးဖြတ်သွားမှာ ဖြစ်တယ်လို့ ရှင်းလင်းပြောဆိုပါတယ်။

ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် အသစ် ကူးစက်သူဦးရေဟာ အင်္ဂါနေ့မှာ ၁၀၆ ဦး ရှိခဲ့တာကြောင့် စုစုပေါင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူပေါင်း ၈၂၇ ဦး ရှိပြီး သေဆုံးသူဟာ လေးဦးအထိ ရှိပြီ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required