စပိန်ရှိ ဘိုးဘွားရိပ်သာများတွင် သက်ကြီးလူနာများ စွန့်ပစ်ခံထားရကာ အချို့မှာ အိပ်ရာများပေါ်၌ သေဆုံးလျက်သား တွေ့ရှိ

စပိန်ရှိ ဘိုးဘွားရိပ်သာများတွင် သက်ကြီးလူနာများ စွန့်ပစ်ခံထားရကာ အချို့မှာ အိပ်ရာများပေါ်၌ သေဆုံးလျက်သား တွေ့ရှိ

စပိန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးအား တိုက်ဖျက်ရာ၌ ကူညီဆောင်ရွက်နေသည့် စစ်သားများသည် ဘိုးဘွားရိပ်သာများ၌ စွန့်ပယ်ပစ်ပယ်ခံထားကြရသည့် သက်ကြီးလူနာများကို တွေ့ရှိပြီး တစ်ချို့သော အခြေအနေများတွင် အိပ်ရာများပေါ်မှာပင် သေဆုံးနေသူတို့၏ အလောင်းများကို တွေ့ရှိခဲ့ရကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

အဆိုပါ ဖြစ်စဉ်တို့နှင့် ပတ်သက်ကာ စုံစမ်းစစ်ဆေးလျက်ရှိသည်ဟု စပိန်အစိုးရ ရှေ့နေများက ပြောသည်။

ဥရောပနိုင်ငံများ၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားရာ အဆိုးဝါးဆုံး နိုင်ငံများအနက် တစ်နိုင်ငံဖြစ်သည့် စပိန်နိုင်ငံတွင် ဘိုးဘွားရိပ်သာများ၌ ပိုးသတ်ဆေးဖျန်းခြင်းများအား စစ်တပ်က ကူညီဆောင်ရွက်ပေးနေခြင်း ဖြစ်သည်။

တစ်ချိန်တည်းတွင် ရေခဲပြင်စကိတ်ကွင်းတစ်ခုကိုလည်း COVID-19 ကြောင့် သေဆုံးသူများအတွက် ယာယီရေခဲတိုက်အဖြစ် အသုံးပြုနေရကြောင်း တာဝန်ရှိသူများက ပြောသည်။

စပိန်နိုင်ငံတွင် ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု အလွန်မြန်ဆန်လျက်ရှိပြီး ဥရောပနိုင်ငံများတွင် အီတလီပြီးလျှင် ဒုတိယမြောက် အဆိုးဆုံး ကူးစက်ဖြစ်ပွားနေသည့် နိုင်ငံဖြစ်သည်။

ပြီးခဲ့သည့် ၂၄ နာရီအတွင်း သေဆုံးသူဦးရေသည် ၅၁၄ ဦးအထိ မြင့်တက်ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက အင်္ဂါနေ့တွင် ပြောသည်။

လက်ရှိတွင် သေဆုံးသူစုစုပေါင်းဦးရေသည် ၂၆၉၆ ဦးအထိ ရှိသွားပြီဖြစ်ပြီး ကူးစက်ဖြစ်ပွားသူပေါင်း ၃၉၆၃၇ ဦးအထိ ရှိနေသည်။

ဘိုးဘွားရိပ်သာများ၌ သက်ကြီးရွယ်အိုများအား ပြုစုစောင့်ရှောက်ရာ လုပ်နည်းကိုင်နည်းများနှင့် ပတ်သက်ပြီး စည်းကမ်းတိကျကာ ပြုလွယ်ပြင်လွယ် ရှိအောင် အစိုးရက ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စပိန်ကာကွယ်ရေးဝန်ကြီး အမျိုးသမီးဖြစ်သူ မာဂါရီတာရိုဘဲလ်က ပုဂ္ဂလိကရုပ်သံချန်နယ် Telecinco သို့ ပြောသည်။

“စစ်တပ်က ကူညီပေးဖို့ သွားရောက်ခဲ့တဲ့ နေရာအချို့မှာ သက်ကြီးရွယ်အိုအချို့ကို လုံးလုံး ပစ်ပယ်ထားကြတာကို တွေ့ရတယ်။ တစ်ချို့နေရာတွေမှာဆိုရင် အိပ်ရာပေါ်မှာ သေဆုံးနေတာမျိုးကိုတောင် တွေ့ခဲ့ရတယ်။”ဟု ၎င်းက ပြောသည်။

ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်တွေ့ရှိပြီးနောက်မှာ ဘိုးဘွားရိပ်သာအချို့မှ ဝန်ထမ်းများ ထွက်ခွာသွားကြကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။

ပုံမှန်အခြေအနေများတွင် သေဆုံးသူများကို အသုဘဝန်ဆောင်မှုမှ လာရောက် မယူဆောင်သရွေ့ အအေးခန်းများတွင် ထားရှိသည်ဟု ကျန်းမာရေးတာဝန်ရှိသူများက ပြောသည်။

သို့သော် ကိုရိုနာဗိုင်းရပ်စ်နှင့် ဆက်စပ်သော သံသယရှိ သေဆုံးသူများ၏ ရုပ်အလောင်းများကိုမူ ကာကွယ်ရေးပစ္စည်း အပြည့်အစုံဖြင့် အသုဘဝန်ထမ်းများ လာရောက် သယ်ယူသည့်အချိန်အထိ အိပ်ရာပေါ်မှာပင် ဒီအတိုင်း ထားကြခြင်း ဖြစ်ကြောင်း သိရသည်။ သေဆုံးမှုနှင့် ကူးစက်မှုအများဆုံး ဖြစ်နိုင်သည့် မြို့တော် မက်ဒရစ်တွင် ထိုသို့သော ဘိုးဘွားရိပ်သာများ၌ သေဆုံးသူများကို အိပ်ရာပေါ်၌ပင် ထားရှိခြင်းများက တစ်ရက်မျှပင် ကြာမြင့်တတ်သည်ဟု တာဝန်ရှိသူများက ပြောသည်။

ယင်းသို့သော အခြေအနေဆိုက်နေသည့် ဘိုးဘွားရိပ်သာများသည် အစိုးရ၏ အဓိက ဦးစားပေးဖြစ်သည်ဟု သတင်းစားရှင်းလင်းပွဲ၌ စပိန်ကျန်းမာရေးဝန်ကြီး အမျိုးသမီးတစ်ဦးဖြစ်သူ ဆဲလ်ဗာဒေါ်အီလာက ပြောခဲ့သည်။

“ဒီဂေဟာတွေကို ကျွန်မတို့ အထူးကို ကြပ်မတ်စောင့်ကြည့်သွားမှာ ဖြစ်ပါတယ်။”ဟု ၎င်းက ပြောခဲ့သည်။

မက်ဒရစ်တွင် ယင်း ပြဿနာက ဆိုးဝါးလျက် ရှိနေစဉ်မှာပင် မြို့၏ စည်ပင်သာယာ အသုဘဌာနက ကာကွယ်ရေးပစ္စည်းများ ချို့ငဲ့ခြင်းကြောင့် အင်္ဂါနေ့မှ စတင်ကာ COVID-19 ကြောင့် သေဆုံးသူ ရုပ်အလောင်းများကို လာရောက်သယ်ယူခြင်းများ ရပ်တန့်တော့မည်ဖြစ်ကြောင်း ပြောသည်။

တာဝန်ရှိသူများကမူ မြို့တွင် အဓိကရေခဲပြင်စကိတ်ကွင်းကြီးအား ရုပ်အလောင်းများ ထားရာ ယာယီရေခဲတိုက်အဖြစ် အသုဘဌာနများက လာရောက်ယူဆောင်သည့်အချိန်အထိ အသုံးပြုသွားမည်ဖြစ်ကြောင်း ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly