“ချင်းပြည်နယ်အစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်နှင့် ဆက်သွယ်မေးမြန်းခြင်း”

“ချင်းပြည်နယ်အစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်နှင့် ဆက်သွယ်မေးမြန်းခြင်း”

Lockdown ချတဲ့ရွာကို သူတို့စားရေးသောက် ရေး၊ စားဝတ်နေရေးအဆင်ပြေအောင် ချင်းပြည်နယ်အစိုးရအနေ နဲ့ ဆန်၊ ဝယ်ယူနိုင်စရာရှိတာ ဝယ်ယူနိုင်အောင် Quarantine အတွင်း ကုန်ပါလိမ့်မယ်။ အဲဒီအတွက် ဝယ်ယူနိုင် အောင် ဆန်၊ဆီ၊ဆားပေါ့။ အဲဒါအတွက်ဆောင် ရွက်ထားပါတယ်။

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်ပြည်သူ့ဆေးရုံတွင် အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံသို့ လေကြောင်းခရီးဖြင့် ဝင်ရောက်လာခဲ့သည့် အသက် ၃၆နှစ်အရွယ် အမျိုးသားတစ်ဦးတွင် COVID-19 ရောဂါကူးစက်ခံနေရကြောင်း မတ် ၂၃ရက်က တွေ့ရှိခဲ့သည်။

လက်ရှိတွင် ချင်းပြည်နယ်၊ တီးတိန်မြို့နယ်ရှိ ကပ်တဲလ်ကျေးရွာတွင်  Lockdown ပြုလုပ်ထားပြီးဖြစ်သည့် အတွက် ဒေသခံပြည်သူများအနေဖြင့် ၎င်းဖြစ်စဉ်များအပေါ် စိုးရိမ်ပူပန်မှုများဖြစ်ပေါ်နေကြောင်း သိရသည်။

ထို့ကြောင့် ချင်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းဆောင်ရွက်ထားသည့် အခြေအနေများနှင့် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးနှင့် ကုသရေးဆောင်ရွက်နေမှုများ၊ ပြည်သူ့ဝန်ဆောင်မှုပေးရန် ဆောင်ရွက်ထားမှုများအား မည်သို့ပြင်ဆင်ထားသည်နှင့်ပတ်သက်၍ ချင်းပြည်နယ်အစိုးရ အဖွဲ့၊လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်နှင့် ဆက်သွယ် မေးမြန်းထားသည်များကို အများပြည်သူသိရှိနိုင်ရန် မဇ္ဈိမသတင်းဋ္ဌာနမှ  ဖော်ပြလိုက်ပါသည်။

မေး။          ။ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်ပြည်သူ့ ဆေးရုံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ တွေ့ရှိတဲ့ အပေါ်မှာ အန်ကယ်တို့ဘယ်လိုဆောင်ရွက်နေပါသလဲ။ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်ပြည်သူ့ ဆေးရုံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ တစ်ယောက် တွေ့တယ်ဆိုပြီး ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတာရှိတယ်။ အဲဒီအပေါ်မှာ အန်ကယ်တို့ ဘယ်လို ဆောင်ရွက်နေပါသလဲ။

ဖြေ။       ။ကျွန်တော်တို့ နယ်စပ်ဝင်ပေါက်တွေမှာ အခါအားလျော်စွာ ကျန်းမာရေးစစ်ဆေးမှုတွေလုပ်တယ်။ အခါအားလျော်စွာဆိုတာက လူဝင်၊လူထွက်အရမ်းများတဲ့ အချိန်တွေမှာလုပ်တာပါ။ ဒီဟာက မနေ့က ၁၁နာရီခွဲ လောက်မှာ သတင်းတွေတက်လာတော့ လူတွေအရမ်းလန့်သွားကြတယ်။ အခုလည်း ကျွန်တော်တို့ ၉နာရီမှာ အစည်းအဝေးလုပ်ပြီး စီမံချက်တွေဆွဲထားပါတယ်။ အထူးသဖြင့် သူ့ရွာပေါ့နော်။ သူက အမေရိကားမှာ သွား နေတယ်။ အခုလောလောဆယ်တော့ သူ့ရွာကို အဝင်အထွက်ပိတ်ထားတယ်။ အနီးကပ်စောင့်ကြည့်ဖို့စီစဉ် ထားတယ်။

မေး။   ။အခုလက်ရှိ လူနာအခြေအနေလေး ပြောပြပေးပါလား။

သူကိုယ်တိုင်ကလည်း ကျွန်တော်တို့ Video Call နဲ့စကားပြောတော့ ကျန်းကျန်းမာမာပါပဲ။ ဆေးရုံမှာပဲ။ သူရဲ့ အပူချိန်က ၉၉လောက်ပဲရှိပါတယ်။ သာမန်အတိုင်းပါပဲ။ သူကြည့်ရင်တော့ ခြောက်ခြားစရာမလိုဘူးပေါ့နော်။ ဒါပေမယ့် ရောဂါရဲ့အနေအထားက ဘေးပတ်ပတ်လည်ကို စောင့်ကြည့်ရမယ့် အနေအထားပေါ့နော်။ အဲဒါကြောင့် တီးတိန်မြို့ပေါ်ကိုလည်း အဝင်အထွက်လေးတွေကန့်သတ်နေတယ်။ သူတည်းခဲ့တဲ့နေရာတွေ ကိုလည်း Quanentine အတွက် နေရာသတ်မှတ်ပြီးတော့ အဲဒီလူတွေရော သူ့အမျိုးတွေကိုလည်း အပြင်မ ထွက်ဖို့ စောင့်ကြည့်ဖို့ စီစဉ်ထားပါတယ်။ ဒီနေ့လည်း ၃နာရီနောက်ပိုင်းမှာ Statement တစ်ခုထုတ်ဖို့စီစဉ် နေပါတယ်။

မေး။       ။နောက်တစ်ခုက စစ်ကိုင်းတိုင်း၊ ကလေးမြို့က အဝင်၊အထွက်စစ်ဆေးတာပဲလား။ Lockdown ပုံစံချလိုက်တာလား။

ဖြေ။        ။Lockdown ပုံစံလို့ ကြားတယ်။ ဒါပေမယ့် ခုနကမေးကြည့်လိုက်တော့ ချင်းပြည်နယ်ပြီးမှ စစ်ကိုင်းနဲ့ ရှမ်းက ပိတ်လိုက်တယ်လို့ပြောတယ်။ အခုလည်းပိတ်တုန်းပါပဲ။ ဒါပေမယ့် သူရဲ့သွားရေးလာရေးကို သေချာစစ်ဆေးပြီးမှ တစ်ချို့ဟာတွေကို သွားခွင့်ပေးမှာပါ။ အဲဒီလိုတော့ကြားပါတယ်။

မေး။              ။ ညနေပိုင်းထွက်မယ့် Statement (ကြေညာချက်) မှာ ဘယ်လိုအကြောင်းအရာတွေပါမလဲ။

ဖြေ။          ။အဓိကက ကျွန်တော်တို့ လူမှုရေးကဏ္ဍမှာ  ဘာသာရေးပွဲတွေ၊ အစည်းအဝေးပွဲတွေ၊ တွေ့ဆုံပွဲ တွေ မလုပ်တော့ဘူးပေါ့နော်။ အရင်ကတော့ အသင်းတော်ကလုပ်ထားတာရှိပါတယ်။ ဒါပေမယ့် အခုဖြစ်လာ တော့ သမ္မတရဲ့လမ်းညွှန်ချက်၊ ကျန်းမာရေးရဲ့လမ်းညွှန်ချက် အတိုင်းဆောင်ရွက်ရမှာပေါ့နော်။ မလိုအပ်ပဲ ခရီးသွားတာမလုပ်ဖို့ပေါ့နော်။ ခုနပြောတဲ့ အဲဒီရွာကိုလည်း အနီးကပ်စောင့်ကြည့်ရမယ်။ Lockdown ပုံစံ အဝင်၊အထွက်မရှိအောင် ထိန်းချုပ်တဲ့သဘောပါ။ အကြာဆုံးနေခဲ့တဲ့ရွာဖြစ်တော့ ကူးစက်မှုရှိသလား။ မရှိလည်း စောင့်ကြည့်တဲ့သဘောပါ။ သူနဲ့ နီးစပ်တဲ့အမျိုးတွေကို စောင့်ကြည့်ဖို့ပေါ့နော်။

မေး။    ။အခုရွာကို စောင့်ကြည့်တာက ၁၄ ရက်စောင့်ကြည့်မှာလား။ ဘယ်လိုမျိုးလုပ်ဆောင်သွားမှာလဲ။

ဖြေ။    ။ဟုတ်ကဲ့။အခြေအနေကောင်းရင် ကောင်းသလို၊မကောင်းရင် မကောင်းသလိုပေါ့ဗျာ။ အမှန်ကတော့ Quarantine က ၁၄ရက်တော့ လုပ်ကြတာပေါ့နော်။ ဒါပေမယ့် တစ်လလောက်လုပ်ရင်တော့ ပိုကောင်းတာပေါ့။ ကျန်းမာရေးဝန်ကြီးဋ္ဌာနရဲ့လမ်းညွှန်ချက်အတိုင်း လုပ်သွားမှာပါ။ မဖြစ်ရင်လည်း Pass ပေါ့နော်။ အဲဒီရွာကို လည်း ကြားထဲမှာ ဘာထူးခြားမှုတွေရှိမလဲ။ ဆက်လက်ဆောင်ရွက်သွားမှာပါ။ ဘာမှ အပြောင်းအလဲမရှိဘဲ ကောင်းနေရင်တော့ ၁၄ရက်ပေါ့။

မေး။        ။၁၄ရက်စောင့်ကြည့်တဲ့အတွင်းမှာ အန်ကယ်တို့က ဘာတွေထောက်ပံ့ပေးသွားဖို့ရှိလဲ။

ဖြေ။           ။အဲဒါလည်းကျွန်တော်တို့ စီမံချက်ထဲမှာရှိပါတယ်။ Lockdown ချတဲ့ရွာကို သူတို့စားရေးသောက် ရေး၊ စားဝတ်နေရေးအဆင်ပြေအောင် ချင်းပြည်နယ်အစိုးရအနေနဲ့ ဆန်၊ ဝယ်ယူနိုင်စရာရှိတာ ဝယ်ယူနိုင်အောင် Quarantine အတွင်း ကုန်ပါလိမ့်မယ်။ အဲဒီအတွက် ဝယ်ယူနိုင်အောင် ဆန်၊ဆီ၊ဆားပေါ့။ အဲဒါအတွက်ဆောင် ရွက်ထားပါတယ်။

မေး။           ။အုပ်ချုပ်ရေးပိုင်းကို ပြည်နယ်အစိုးရက ဘယ်လိုညွှန်ကြားထားတာရှိလဲ။ ချင်းပြည်နယ်တစ်ခုလုံးအတွက် ဘယ်လိုညွှန်ကြားထားပါလဲ။

ဖြေ။            ။အရင်ကလည်း ကြေညာထားပြီးသားဖြစ်ပါတယ်။ အခုလည်း အသစ်အနေနဲ့ အဝင်အထွက်ကို ။အဓိကက နိုင်ငံခြားက ပြန်လာတဲ့သူတွေကို အခုအားလုံးသိတဲ့အတိုင်း မြန်မာနိုင်ငံအတွင်းမှာတောက်လျှောက် နေတဲ့သူတွေ မဟုတ်ဘဲနဲ့ အပြင်ကနေဝင်လာတဲ့သူတွေကို သတင်းပို့ဖို့ပေါ့။ ကျေးရွာအုပ်ချုပ်ရေးမှူး၊ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေကို အဝင်၊အထွက်စာရင်းပို့ဖို့ပြောထားပါတယ်။ တစ်ချို့တွေကလည်း အသိမပေးဘဲ ဝင် ပေါက်အမျိုးမျိုးကနေ ဝင်လာနိုင်တယ်လေ။ အခု ထိုင်းကနေဝင်လာတာတွေက ချင်းလည်းပါတယ်။ ရှမ်းတွေ လည်းပါတယ်။ စာရင်းကောက်ပြီး သတင်းပို့ဖို့ပြောထားပါတယ်။ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးတွေကနေတစ်ဆင့် မြို့နယ်ကိုရောက်လာရင် ကြီးကြပ်ရတာ စနစ်ကျမယ်လို့ ယူဆပါတယ်။ အဆင်ပြေ မယ်လို့ထင်တယ်။

မေး။    ။ချင်းပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ် သံသယလူနာတွေများ ထပ်တွေ့ထားတာရှိပါသလား။ သူတို့ကို ထားဖို့ရော ဘယ်လိုစီစဉ်ထားပါသလဲ။

ဖြေ။    ။သူတို့ကို isolation အတွက်ရော သံသယလူနာတွေ နေထိုင်ဖို့အတွက်ရော စီစဉ်ထားပါတယ်။ ဆေးရုံတိုင်းမှာ၊ရွာတိုင်းမှာ ဒါပေမယ့်လောလောဆယ်တော့ လူနာမရှိသေးဘူး။ အခု အဲဒီတစ်ယောက်က PSI က ဆရာဝန်သွားပြရင်း။ အဲဒီက သတင်းပို့လို့သိတာ။ လောလောဆယ်တော့ ဘာမှမကြားသေးဘူး။ မသိတာ လည်း ဖြစ်နိုင်တယ်။ မရှိတာလည်း ဖြစ်နိုင်တယ်ပေါ့နော်။

မေး။                 ။အခုလက်ရှိမှာရော ကျန်းမာရေးဝန်ကြီးဋ္ဌာနနဲ့ အရပ်ဘက်နဲ့ ပူးပေါင်းဆောင်ရွက်နေတာ ရှိပါသလား။

ဖြေ။                 ။ရှိပါတယ်။ အခုအားကောင်းအောင် ကြက်ခြေနီအဖွဲ့တွေ၊ လူငယ်အဖွဲတွေ့နဲ့ ပူးပေါင်းပြီးလုပ် ဆောင်နေပါတယ်။ အရင်လည်း ပူးပေါင်းဆောင်ရွက်နေပါတယ်။ အဓိက ချင်းပြည်နယ်ပေါ့နော်။ ကျန်းမာရေး ဌာနက အဓိကပေါ့နော်။ သူတို့လည်းပူးပေါင်းပြီး စစ်ဆေးမှုတွေလုပ်နေပါတယ်။ အခုလည်းပဲ ဒီအတိုင်းပဲ ဆက်လက်ပြီးတော့ အစိုးရပါမယ်။ အခြားလူမှုအဖွဲ့အစည်းတွေပါမယ်။ အားလုံးလုပ်မှ အဆင်ပြေမယ်။ သို့သော် လူထုဘက်က အရမ်းအကြောက်လွန်တာမဖြစ်အောင်၊ မဖြစ်သင့်တာမဖြစ်အောင်က အရေးကြီးတယ်။ ဒီဟာက မိုးပေါ်ကကျတာမဟုတ်ဘူး။ ကူးစက်တာ။ နှာခေါင်းကနေတစ်ဆင့် လက်ကနေကိုင်တွယ်ပြီးမှ ကူးစက်တာဖြစ် တဲ့အခါကျတော့ အသိပညာပေးတဲ့နေရာနဲ့ လိုက်နာသင့်တာလိုက်နာမယ်ဆိုရင်တော့ သိပ်ကြောက်စရာမလိုတဲ့ အနေအထားလို့ တားဆီးကာကွယ်နိုင်မယ်လို့ ယုံကြည်ပါတယ်။ လက်ပုံမှန်ဆေးဖို့၊ သန့်သန့်ရှင်းရှင်းနေဖို့အ ရေးကြီးတယ်။ မလိုအပ်ဘဲနဲ့ အဖွဲ့လိုက်စားသောက်ပြီးတော့ လုပ်တာမျိုး ရှောင်ကြဉ်ဖို့ ပြော ချင်ပါတယ်။ အ ဝင်၊အထွက်တွေကို သေချာစစ်ဆေးနိုင်မယ်ဆိုရင် ထိန်းချုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်။ ဒီမှာ လူနာတစ် ယောက်တွေ့လို့ အားလုံးကြောက်ပြီးတော့ မနေနိုင်၊မထိုင်နိုင်၊မစားနိုင်၊မသောက်နိုင်ဖြစ်ပြီး နေတာမျိုး မဟုတ်ဘဲ အားလုံးပူးပေါင်းပြီး ဝိုင်းထိန်းချုပ်ဖို့ လူနာဆီကနေ အပြင်ကိုမရောက်ဖို့က အရေးကြီးတယ်။အဲဒါကို အဓိကထားဆောင်ရွက်သွားမှာပါ။

မေး။            ။ချင်းပြည်နယ်အတွက် ကျန်းမာရေးပိုင်း အထောက်အကူပေးဖို့က လက်ရှိမှာ ဘာတွေလိုအပ်နေ တာရှိလဲ။

ဖြေ။            ။ဒီမှာက လူနာတွေတွေ့မယ်ဆိုရင် PPE (တစ်ကိုယ်ရေသုံးကာကွယ်ရေးဝတ်စုံ) တွေလိုမယ်။ ပြီးရင် အောက်ဆီဂျင်ဘူးတွေလိုမယ်။ အောက်ဆီဂျင်ဘူးက ကလေးမြို့မှာ သွားသယ်ရတယ်။ အခုက အောက်ဆီဂျင်ထုတ်တဲ့ စက်ပေါ့နော်။ အဲဒါလိုတယ်။ အဲဒါက ဖလမ်းမှာပဲရှိတယ်။ အဲဒါကလည်း အများကြီး မထုတ်နိုင်ဘူး။ ဟားခါးမှာတစ်လုံးရှိတယ်။ ပြီးရင် ခုနပြောသလိုဖြစ်လာပြီဆိုရင် ကျန်းမာရေးဝန်ထမ်းတွေ အတွက် COVID- 19 နဲ့ ပတ်သက်ပြီး လုပ်ဆောင်တဲ့သူတွေရဲ့ သူတို့ အတွက် ကာကွယ်ရန်၊ ခုနက ပြောတဲ့ PPE တွေအများကြီးလိုတယ်။ ကျွန်တော်တို့လည်း ပြည့်ပြည့်စုံစုံနဲ့ လုပ်နိုင်ရင်ပိုကောင်းတာပေါ့နော်။ မပြည့်စုံပဲကိုင်တွယ်ရမယ်ဆိုရင် ဆရာ၊ ဆရာမတွေအတွက် အခက်အခဲရှိနိုင်တယ်။

မေး။           ။အန်ကယ်တို့ ချင်းပြည်နယ်က ကျေးရွာကို Lockdown လုပ်ရတာနဲ့ ကလေးမြို့အပါအဝင် တစ်ခြားနေရာတွေကို အဝင်အထွက်စစ်ဆေးတဲ့အခါမှာ ဘာတွေခက်ခဲနေတာရှိလဲ။

ဖြေ။             ။အဲဒါက လက်ရှိရုတ်တရက် ပုံစံမျိုးဖြစ်သွားတော့ ချင်းနဲ့စစ်ကိုင်းတိုင်းမှာ အခုစစ်ကိုင်းတိုင်းမှာ မနက်ည ကူးချည်သန်းချည်လုပ်နေတဲ့ အနေအထား။  လမ်းပေါ်မှာ အဲဒါက ပြဿနာကြုံနေရတယ်။ လမ်းပေါ် မှာ ကလေးမြို့ကိုမသွားနိုင်လို့ ဖုန်းဆက်တာတွေ၊ ကလေးကနေ ပြန်လာလို့မရလို့ ဖုန်းဆက်တာတွေရှိနေပါ တယ်။ ဒီပြဿနာတွေက နံပါတ်တစ်ပေါ့နော်။ အစားအသောက်အားလုံးက စစ်ကိုင်းတိုင်းက လာတာဖြစ်တယ်။ တကယ့် Lockdown လုပ်လိုက်တော့ သွားရေးလာရေးအခက်အခဲနဲ့ အစားအသောက်ပြတ်လပ်မှုက ဖြစ်လာ နိုင်တယ်။ ဒါကြောင့် ကျွန်တော်တို့ အထူးအစီအစဉ်နဲ့ သူရဲ့အကြောင်းရင်းခိုင်မာတဲ့သူတွေတို့ သေချာစစ်ဆေး ပြီး Pass ပေးပါတယ်။ မလိုအပ်ဘဲနဲ့ အပျော်သွားပြီးတော့ ကလေးမြို့ကို သွားတာမျိုးမပေးပါဘူး။ အရေးကြီး ကာလမှာတော့ ထိန်းရမှာပေါ့။ နောက်တစ်ခုက စနစ်တကျ ပိုင်းခြားနိုင်ဖို့က နည်းပညာနဲ့ မလုံလောက်သေး ဘူး။ စက်ကိရိယာတွေနဲ့ Equipment တွေစုံလာပြီဆိုရင်တော့ စစ်ဆေးပြီးတော့ လုပ်ပေးနိုင်မယ်လို့ ထင်ပါ တယ်။

မေး ။             ။ထပ်ဖြည့်စွက်ပြောကြားချင်တာရှိပါသလား။

ဖြေ။            ။အခုတော်တော်များများက ရှော့စ်ဖြစ်သွားတယ်။ ကျွန်တော်တို့ကိုယ်တိုင်လည်း ဖြစ်တယ်။ ကိုယ့်ပြည်နယ်မှာ Positive တွေ့တယ်ဆိုတော့။  ဒါပေမယ့် ကြောက်သွားလို့ဘာမှမထူးဘူး။ဒီဟာက ဖြစ်နေပြီ။ အဲဒါကို ဘယ်လိုကာကွယ်မလဲ။ အဲဒါကို ဘယ်လိုထိန်းနိုင်မလဲ။ မကူးစက်နိုင်အောင် အဲဒါက အစိုးရနဲ့ကျန်းမာရေးဋ္ဌာနတင်လုပ်နိုင်မှာမဟုတ်ဘူး။ ပြည်သူလူထုကပူးပေါင်းဆောင်ရွက်ဖို့လိုတယ်။ နိုင်ငံတစ်ဝန်းမှာရှိနေတဲ့ ချင်းတွေတင်မကဘူး၊ အလှူရှင်တွေကလည်း လူသားချင်းစာနာစိတ်နဲ့ ပူးပေါင်းပါဝင်ကူညီပေးကြဖို့ပြောချင်ပါတယ်။ နောက်အစားအစာပြတ်လပ်မှုမရှိအောင် အခြားမဖြစ်သင့်တဲ့ အခက်အခဲတွေမဖြစ်အောင် အစိုးရအနေနဲ့လည်း ဆောင်ရွက်သွားမှာပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly