ရန်ကုန်တိုင်းတွင် COVID-19 ရောဂါအတည်ပြုလူနာတစ်ဦး ထပ်မံတွေ့ရှိ၊ အင်းစိန်ပြည်သူ့ဆေးရုံတွင် သီခြားစောင့်ကြည့်ကုသနေ

ရန်ကုန်တိုင်းတွင် COVID-19 ရောဂါအတည်ပြုလူနာတစ်ဦး ထပ်မံတွေ့ရှိ၊ အင်းစိန်ပြည်သူ့ဆေးရုံတွင် သီခြားစောင့်ကြည့်ကုသနေ
Photo: AFP

မတ် ၂၅

ရန်ကုန်တိုင်းဒေသကြီးတွင် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကူးစက်ရောဂါအတည်ပြုလူနာတစ်ဦး ထပ်မံတွေ့ရှိပြီး ၎င်းလူနာကို အင်းစိန်ပြည်သူ့ဆေးရုံကြီးတွင် သီးခြားစောင့်ကြည့် ကုသလျှက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် လက်ရှိ ကိုရိုနာဗိုင်းရပ်စ်(COVID-19) ရောဂါ အတည်ပြုလူနာ သုံးဦးအထိရှိလာပြီဖြစ်သည်။

လက်ရှိတွေ့ရှိသည့် အတည်ပြုလူနာသည် အင်္ဂလန်နိုင်ငံမှ မတ် ၂၁ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လာရောက်ရှိလာခြင်းဖြစ်ပြီး ၎င်းသည် ထိုင်းနိုင်ငံ၊ သုဝဏ္ဏဘူမိလေဆိပ်မှတစ်ဆင့် လေကြောင်းခရီးဖြင့် ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ မတ် ၂၅ရက် နံနက် ၁နာရီအချိန်ထုတ်ပြန်မှုအရ သိရသည်။

အဆိုပါ အတည်ပြုလူနာသည် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်တွင် နေထိုင်နေသည့် မြန်မာနိုင်ငံသား၊ အသက် ၂၆ နှစ်အရွယ် အမျိုးသားဖြစ်ပြီး ကိုယ်ပူဖျားနာခြင်းနှင့် ချောင်းဆိုးခြင်းရောဂါလက္ခဏာများဖြင့် မတ် ၂၃ ရက်နေ့တွင် အင်းစိန်ပြည်သူ့ဆေးရုံ၌ စောင့်ကြည့်လူနာအဖြစ် သီးသန့်ခန်းတွင်ထားရှိ၍ (isolation) စောင့်ကြပ်ကုသမှုခံယူနေစဉ် ၎င်းလူနာထံမှ ဓာတ်ခွဲနမူနာအား မတ် ၂၄ရက်တွင် ရယူခဲ့ပြီး အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ပေးပို့စစ်ဆေးခဲ့ရာ ဓာတ်ခွဲအဖြေအရ COVID-19 ရောဂါပိုး တွေ့ရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံတွင် ယနေ့ (မတ်လ ၂၅ ရက်)၊ နံနက် ၁ နာရီအထိ COVID-19 နှင့် ပတ်သက်သည့် သံသယ/စောင့်ကြည့်လူနာ ၂၃၈ ဦး အနက် ကူးစက်ခံရသူ ၃ဦး၊ဓါတ်ခွဲအဖြေ စောင့်ဆိုင်းဆဲလူနာ ၂၆ ဦး ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly